Sunday, May 31, 2009

ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ဝေငှ၊ အခမဲ့ ကျန်းမာရေး ဆေးစစ်မှု ပြုလုပ်

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းက ဒန်ဗား နှင့် အော်ရိုရာမြို့များသို့ ထပ်မံရောက်ရှိလာသည့် မိသားစုအသစ်များနှင့် အလုပ်အကိုင် အဆင်မပြေသေးသည့် မြန်မာပြည်သား မိသားစု ၅၀ ကျော်အား အဝတ်အထည်၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆန် နှင့် ထမင်းပေါင်းအိုးများကို ဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့ပြင် လာအိုကွန်မြူနတီ နှင့် ထိုင်းကွန်မြူနတီတို့မှ လာရောက် လှူဒါန်းထားသည့် ဆန်နှင့် အဝတ်အထည်များကိုလည်း မကြာမီ ထပ်မံဝေငှပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံသားအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။


ကော်လိုရာဒိုပြည်နယ်တွင် ယခုအခါ မြန်မာပြည်မှ ပြောင်းရွှေ့အခြေချနေထိုင်သူ ၁၅၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများရုံးမှ တာဝန်ရှိသူတဦးအဆိုအရ သိရပြီး ယခင်ရောက်ရှိလာသူအများစုမှာ ထိုင်းမြန်မာနယ်စပ်မှဖြစ်သည်။ သို့သော် ယခုအခါ မလေးရှားနိုင်ငံမှ ချင်းလူမျိုးများနှင့် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှ ရိုဟင်ဂျာ မိသားစုများပါ ထပ်မံရောက်လာနေကြောင်း သိရသည်။


ဒါ့အပြင် အခုလ ၂၄ ရက်နေ့ကလည်း ဒန်ဗားမြို့ရှိ မြန်မာနိုင်ငံသားများနှင့် နီပေါနိုင်ငံသား ၁၀ဝ ကျော်အား အခမဲ့ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်


ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းသည် အချိန်အား ငွေအားစိုက်ထုတ်ပေးနိုင်သည့် စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကော်လိုရာဒိုပြည်နယ်သို့ ရောက်ရှိလာသည့် ပြောင်းရွှေ့အခြေချနေထိုင်လာသူ မြန်မာနိုင်ငံသားများအား ကျန်းမာရေး၊ လူမှုရေး နှင့် ပညာရေး လုပ်ငန်းများကို တက်အားရှိသရွှေ့ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တခုဖြစ်သည်။ မည့်သည့်အဖွဲ့အစည်းတခုခုရဲ့ လက်အောက်ခံမဟုတ်သည့်အပြင် အဖွဲ့အစည်းတခုခုထံမှလည်း ထောက်ပံ့ကြေးငွေ ရယူထားခြင်း မရှိပေ။

No comments: