Wednesday, September 8, 2010

အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြရမှာလဲ (နေချင်သေးတာလဲ …) - ကျော်ဝဏ္ဏ

(၁) အခုအမေရိကားကိုရောက်နေတဲ့ တီးဝိုင်းတခုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာတဲ့ အဆိုတော်အမျိုးသမီး တယောက်ဟာ စစ်အစိုးရရဲ့ဝါဒဖြန့်ချိရေး၊ ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင်ပြုလုပ်ရေး၊ အနုပညာရှင်တွေ အပါအဝင် တပြည်လုံးကို စစ်ကျွန်ပြုရေး အစီအမံထဲက တစိတ်တပိုင်းဖြစ်တဲ့ သမိုင်းမှန်ကို ဖုံးဖိလိမ်ညာ မှိုင်းတိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားမှာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးစိတ်ဝင်စားသူများက စတင်လှုံ့ဆော်ခဲ့ကြပြီး အဲဒီရုပ်ရှင်မှာ ပါဝင်ပတ်သက်ခဲ့ကြသူတချို့နဲ့ အင်္ဂလန်မှာ ပြုလုပ်၊ ရုံသွင်းခဲ့တဲ့ ပွဲတွေကို ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြ ကန့်ကွက်မှုတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားစတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတဲ့ တိုင်းပြည်တွေက မြန်မာ့အရေးစိတ်ဝင်စားသူများအကြား ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တခု ဖြစ်လာခဲ့ပါတယ်။

(၂) ပြည်ပရောက်မြန်မာတွေဟာ တကိုယ်ကောင်းဆန်လို့သာ ပြည်ပကို ရောက်လာကြတာ၊ တကယ်တမ်း သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး စစ်အစိုးရကို ချကြပါလားလို့ တဖက်သတ်ပြောဆိုနေကြတဲ့အသံတွေလည်း ကြားနေရပါတယ်။

Tuesday, September 7, 2010

အာဇာနည် မဝင်းမော်ဦး ကျဆုံးသည့် နှစ်ပတ်လည်နေ့ - ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည်

နအဖ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်တဲ့ စတိတ်ရှိုးပွဲကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ရုံသွင်းမှာဖြစ်ကြောင်း သိရပါတယ်။

ရှစ်လေးလုံး လူထုအရေးကြီးတော်ပုံကြီးကို သေးသိမ်အောင် လုပ်ကြံဝါဒဖြန့် ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သူ ပါဝင်တဲ့ ဒီပွဲကို နအဖ စစ်တပ်က လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲ အာဏာသိမ်းပြီး နောက်တရက် စစ်တပ်မှ ရက်ရက်စက်စက် ပစ်သတ်ခံရလို့ သေဆုံးသွားသူ အာဇာနည် ကျောင်းသူလေး မဝင်းမော်ဦးရဲ့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာပြုလုပ်မှာ ဖြစ်ပါတယ်။