Saturday, October 18, 2008

သတင်း အာရ်အက်ဖ်အေ

အာရ်အက်ဖ်အေ မြန်မာပိုင်း (ဦးဇော်မိုးကျော်)


အောက်တိုဘာ ၁၃ ၊ ၂၀၀၈ ခုနှစ် တနင်္လာနေ့ မနက်ပိုင်း အစီအစဉ်

အောက်တိုဘာ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်


အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို မြန်မာဒုက္ခသည်တွေရောက်ရှိနေတာ ၁၀၀၀ နီးပါး ရှိလာပြီ ဖြစ်တဲ့အတွက်ကြောင့် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းကို ထူထောင်ပြီးတော့ မြန်မာအသိုင်းအ၀ိုင်းတခုဖြစ်အောင် စတင်စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်ခင်ဗျာ။


ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က မြန်မာမိသားစု ၂၀ လောက်ပဲရှိရာကနေ အခုအခါမှာ မြန်မာဒုက္ခသည် ၈၀၀ ကျော် ၉၀၀ နီးပါးဖြစ်လာတာကြောင့် မြန်မာနိုင်ငံသားအချင်းချင်း ကူညီနိုင်ရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းငယ်လေးတရပ် ပေါ်ထွန်းလာရေး ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတဲ့အကြောင်း အဲဒီမှာ ပါဝင်လုပ်ဆောင်နေတဲ့ ကိုမောင်မောင်ဦးက ပြောပြပါတယ်။


“တိုင်းရင်းသားကလေးငယ်တွေအတွက် မိခင်ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနဲ့ စာသင်ဖို့အတွက် စာသင်ကျောင်းလေး တခုလုပ်တယ်။ နောက်ပြီးတော့ ဗုဒ္ဓဘာသာမိသားစုတွေအတွက် ဘုန်းကြီးကျောင်းလေး တခုလုပ်ဖို့အတွက်ကို ကျနော်တို့ စပြီး စီစဉ်ဆောင်ရွက်နေကြတယ်။ ကျနော်တို့ ဗမာပြည်ထဲမှာ စစ်အာဏာရှင် စနစ်အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း အမျိုးမျိုးတွေကြောင့် ကိုယ့်နိုင်ငံမှာ နေလို့မရဘဲ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်လာခဲ့ကြရတယ်၊ ဒုက္ခသည်တွေပေါ့နော်။ အဲဒီ အထဲက ကော်လိုရာဒိုပြည်နယ်ထဲကို ရောက်လာတဲ့သူတွေကို ကူညီစောင့်ရှောက်မယ်၊ တတ်နိုင်သလောက် လိုအပ်မှုလေးတွေ ဖြည့်တင်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ကွန်မြူနတီလေးကို ကျနော်တို့ စဖွဲ့ပြီးတော့ စပြီးတော့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်”


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံသား ၃၅၀ လောက်ကို ကော်လိုရာဒိုပြည်နယ် အာရှတိုက် သားများ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဆီးချို သွေးချို၊ အဆီလွန်ရောဂါ၊ ရင်သားကင်ဆာ စတဲ့ရောဂါတွေကို အခမဲ့စစ်ဆေးတာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးတာတွေကို ကူညီလုပ်ဆောင်ပေးခဲ့တယ် လို့ ဆိုပါတယ်။ ဒီနှစ်ပိုင်းအတွင်း ဒုက္ခသည်တွေ ပိုမိုရောက်ရှိလာတာကြောင့် ၉၀၀ လောက်ရှိသွားပြီးတော့ အများစုဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပညာမသင်ကြားခဲ့ရဘဲ ဒုက္ခသည်စခန်းတွေမှာသာ နှစ်ရှည်လများနေထိုင် ခဲ့ရတဲ့အတွက် ခေတ်မီလူ့အဖွဲ့အစည်းတရပ်က စနစ်တွေနဲ့အညီ လိုက်ပါနေထိုင်ရေး အခက်အခဲတွေရှိတဲ့ အကြောင်း၊ ဒါတွေကို အဆင်ပြေအောင် လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း၊ မြန်မာဒုက္ခသည်တွေ အခြေချနေထိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ Lutheran Family Services မှ ဒုက္ခသည် ကူညီရေးတွေ လုပ်ကိုင်ပေးနေတဲ့ မမို့မို့မင်းသူက ပြောပါတယ်။


“ဒီမှာအခြေချတဲ့သူတွေမှာ အများဆုံး အခက်အခဲကြုံရတာက ဘာတွေမှာ ပြဿနာတက်သလဲဆိုရင် အမေရိကန်မှာရှိတဲ့စနစ်နဲ့ ဗမာပြည်နဲ့ ထိုင်းမှာရှိတဲ့စနစ်နဲ့မတူဘူး၊ အဓိကကတော့ မိဘကနေ သားသမီးကို ထိန်းကျောင်းပေးတဲ့ အုပ်ထိန်းမှုပိုင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပိုင်းတွေမှာ များသောအားဖြင့် အခက်အခဲကြုံ ရတာများတယ်”


မကြာခင် လပိုင်းတွေမှာလည်းပဲ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေထပ်မံရောက်ရှိလာဖို့ ရှိနေသေးကြောင်းကို လည်း သိရှိရပါတယ် ခင်ဗျာ။


နိုင်ငံတခုထဲက ထွက်ပြေးလာသူတွေ

အားလုံးဟာ နိုင်ငံတခုထဲက ထွက်ပြေးလာသူတွေ အတူတူပဲ

အောက်တိုဘာလ ၁၈၊ ၂၀၀၈ ခုနှစ်


အရင်ရောက်နှင့်ပြီးသူတွေက နောက်ရောက်လာတဲ့သူတွေကို တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီဖို့ စီစဉ်နေကြတာပါ။ အိုးခွက် ပန်းကန် အ၀တ်အစား စသည်ဖြင့်ပေါ့။ အဖိုးတန် ပစ္စည်းတွေ မဟုတ်ပေမယ့် အပြန်အလှန် ကူညီချင်ကြတဲ့ သူတို့ရဲ့စိတ်ဓာတ်တွေကတော့ တန်ဖိုးဖြတ်လို့ ရမယ်မထင်ပါဘူး။ တကယ်တော့ အားလုံးဟာ နိုင်ငံတခုထဲက ထွက်ပြေးလာသူတွေ အတူတူပဲ မဟုတ်ပါလား။



Wednesday, October 15, 2008

ပန်းချီ ပိုးထူးရဲ့ လက်ရာအချို့



ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ရောက် ကရင်တိုင်းရင်းသား

ပန်းချီ ပိုးထူးရဲ့ ပန်းချီလက်ရာတချို့

အောက်တိုဘာ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်



ပန်းချီကားများကို ဓာတ်ပုံ ပြန်လည် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

Sunday, October 12, 2008

ကျန်းမာရေးဆေးစစ်မှု နှင့် တုပ်ကွေးကာကွယ်ဆေး

အခမဲ့ ကျန်းမာရေးစစ်ဆေးပွဲနှင့် ကာကွယ်ဆေးထိုးပွဲ ပြုလုပ်
အောက်တိုဘာ ၁၁၊ ၂၀၀၈

ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း (Burmese Community of Colorado) နှင့် (Colorado Asian Health Education and Promotion) တို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေးဆေးစစ်မှုနှင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ယနေ့ မနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်ခဲ့သည်။
ဆီးချို သွေးချိုရောဂါ၊ အဆီဓာတ်လွန်ကဲမှု ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မသင့်သည့် ရောဂါ၊ အမျိုးသမီး ရင်သားကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါတို့ကို စစ်ဆေးမှု ပြုလုပ်ပေးပြီး တုပ်ကွေးရောဂါ ကာကွယ်ဆေးကိုလည်း အခမဲ့ ထိုးပေးခဲ့သည်။ ထိုကျန်းမာရေးစစ်ဆေးပွဲသို့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသား ၃၅ဝ ကျော် လာရောက် ဆေးစစ်ဆေးမှု ခံယူခဲ့သည်။

Sunday, October 5, 2008

ဘုန်းကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း
အောက်တိုဘာ ၅ ရက်၊ ၂၀၀၈ ခုနှစ်

ဗုဒ္ဓဘာသာဝင်မိသားစုပေါင်း ၄၀ ကျော်နေထိုင်သည့် ကော်လိုရာဒိုပြည်နယ်အတွင်း မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတဆောင်ဖြစ်မြောက်ရေးအတွက် ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင် ၃၀ နီးပါးတက်ရောက်သည့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၂ ဦးပါ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ကျမတို့ အခု အလှူငွေ ကောက်ခံတာတို့၊ ဘုန်းတော်ကြီးကျောင်းအတွက် နေရာရှာတာ၊ ကျောင်းထိုင်ဘုန်းကြီး ရှာဖွေပင့်လျှောက်တာတွေ စတင်လုပ်နေပါတယ်။ လောလောဆယ် အခန်း ဒါမှမဟုတ် အိမ်တလုံးငှားပြီးတော့ ဘုန်းကြီးကျောင်းလေးကို စတင် တည်မှာဖြစ်ပါတယ်။ နောက်ပိုင်း အလှူငွေထည့်ဝင်လာမှုအပေါ် မူတည်ပြီးတော့ ကိုယ်ပိုင် ဘုန်းကြီးတကျောင်း ဖြစ်လာဖို့အထိ ရည်မှန်းထားကြပါတယ်။ ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကလည်း သဒ္ဓါတရားအပြည့်နဲ့ ပါဝင်လှူဒါန်းကြတဲ့အတွက်လည်း အများကြီး အားရှိပြီး ၀မ်းသာရပါတယ်” ဟု ဖြစ်မြောက်ရေးကော်မတီဝင် မသန္တာက ဆိုသည်။
ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာခဲ့ပါက ဖြစ်မြောက်ရေးကော်မတီအနေဖြင့် အများဆန္ဒနှင့်အညီ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပေးပြီး ကျောင်းဝေယာဝစ္စလုပ်ငန်းများကို ဆက်လက် တာဝန်ယူဆောင်ရွက်သွားစေမှာဖြစ်သည်ဟု သူမက ဆက်လက်ပြောဆိုသည်။
မြန်မာပြည်သား ဗုဒ္ဓဘာသာဝင်များအနေဖြင့် အလှူအတန်းပြုလုပ်လိုပါက တနာရီနီးပါး ကားမောင်းသွားရသည့် လာအို ဘုန်းတော်ကြီးကျောင်း နှင့် ထိုင်းဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းနေရပြီး အခုလို ဘုန်းတော်ကြီး ကျောင်းတဆောင် အနီးအနားမှာရှိခဲ့ရင် အားလုံးအတွက် လှူရ တန်းရတာ အများကြီး အဆင်ပြေသွားမယ်ထင်တယ် ဟု ဒန်ဗာမြို့ခံ ဗုဒ္ဓဘာသာဝင်တဦးက ဆိုသည်။
စေတနာရှင်များအနေဖြင့် အလှူငွေ ထည့်ဝင်လှူဒါန်းလိုပါက ဦးမောင်မျိုး၊ ဖုန်းနံပါတ် ( ၃၀၃-၉၆၀-၅၉၀၁) နှင့် ဦးစိုးနိုင် (၇၂၀-၃၂၄-၀၃၅၂) တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။