Monday, September 3, 2012

ဒယ်အိုးဆရာတော် တရားပွဲ ကျင်းပပြီးစီး


ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာရေး တရားပွဲတော်ကို ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းတိုက်မှာ မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ ဝါခေါင်လပြည့်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။


 
 
 
ဒယ်အိုးဆရာတော် အပါအဝင် ရဟန်းသံဃာတော်များအား ကော်လိုရာဒိုပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် မိသားစုများက နေ့လည်ဆွမ်းကို စုပေါင်းဆပ်ကပ် လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက် နေ့လည် တနာရီမှာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူတည်ဆောက်ကြပြီး မြတ်စွာဘုရား၏ ဟောကြားတော်မူခဲ့တဲ့ ချမ်းသာရောက်ကြောင်း တရားတော်ကို ဆရာတော်က ဟောကြားခဲ့ပါတယ်။

 
 
ဆရာတော် ဟောကြားတဲ့တရားတော်တွင် တိုင်းတပါးမှာရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကြဖို့၊ ဘာသာခြား တိုင်းတပါးသားများ မိမိတို့ ဗုဒ္ဓဘာသာအပေါ် အထင်သေးစေမယ့် အပြုအမှု၊ အပြောဆိုတွေ ရှောင်ရှားပြီး စည်းကမ်း စနစ်ရှိကြဖို့ ဆုံးမသြဝါဒပေးခဲ့ပြီး အာရုံငါးပါးအား အလိုမလိုက်မိစေရန်တို့ကို ဥပမာ ဥပမေယျတွေနဲ့ ဟောကြားခဲ့တဲ့အပြင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားအား နားလည်သဘောပေါက်စေရန် ရှင်းလင်း ဟောကြားတော်မူခဲ့ပါတယ်။

 

တရားဟောကြားပြီးတဲ့နောက် ကြွရောက်လာသော တရားနာပရိသတ်အား ၁၅ မိနစ် တရားထိုင်စေခြင်းနဲ့ အလှူဒါနများအတွက် ရေစက်သွန်းချ အမျှဝေကာ တရားပွဲအစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ 

 

No comments: