Sunday, July 20, 2008

မြန်မာစာသင်ကျောင်း မိဘဆရာ ဆွေးနွေးပွဲ


ဒန်ဗာက မြန်မာတိုင်းရင်းသားများရဲ့ မြန်မာကျောင်း ၁ လ ပြည့်ပြီ

ဇူလိုင် ၂၀၊ ၂၀၀၈


အမေရိကန်ပြည်၊ ကိုလိုရာဒိုနယ်၊ ဒန်ဗာမြို့ရောက် မြန်မာပြည်သား ကလေးငယ်များအတွက် မြန်မာစာပေနဲ့ ယဉ်ကျေးမှု စာသင်ကျောင်း ဖွင့်လှစ်ခြင်း ၁ လပြည့် မိဘ ဆရာ ဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


“ဒီမှာရောက်နေတဲ့ မြန်မာမိသားစုတွေ မြန်မာလို ပြောတတ် ဆိုတတ်ကြဖို့၊ မြန်မာယဉ်ကျေးမှု ထုံးတမ်းတွေကို နားလည်စေဖို့ ပြီးတော့ တိုင်းရင်းသားတွေအားလုံး၊ ဘာသာစုံ အတူတူ ရေခြားမြေခြားမှာ မြန်မာပြည်ားတွေအဖြစ် တစုတတည်း ဆက်လက်တည်ရှိနေစေဖို့ ရည်ရွယ်ချက်တွေ ရှိပါတယ်”ဟု မြန်မာကျောင်းတွင် ဆရာအဖြစ် ဆောင်ရွက်ပေးနေသူ ကိုသန်းဌေးဦးက ပြောသည်။ ဒန်ဗာသို့ ရောက်ရှိလာသော မြန်မာမိသားစုအများစုမှာ မြန်မာပြည် နယ်စပ်ဒေသမှ ပြောင်းရွှေ့လာကြသော မြန်မာတိုင်းရင်းသား လူမျိုးစုံ၊ ဘာသာစုံများ ဖြစ်သည်ကို တွေ့ရသည်။

ပထမ လအတွင်း ကျောင်းသားလူငယ်ဦးရေ ၂၀ ကျော်၊ ၃၀ နည်းပါးရှိကြောင်း၊ ယခုအစည်းအဝေးကိုလည်း မိသားစု ၄၀ ခန့်က ၀ိုင်းဝန်းတက်ရောက်ပြီး မြန်မာကျောင်း ရေရှည်တည်တံ့နိုင်ရေး ဆွေးနွေးကြကြောင်း၊ တဖြေးဖြေးနှင့် တိုးပွားလာသော ရွေ့ပြောင်းမြန်မာပြည်သားများနှင့် မြန်မာအရေးကိစ္စများကိုလည်း ယခင်ကတည်းက အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြသည်များ ရှိကြောင်း၊ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်း ဆန္ဒပြပွဲများ၊ ပီကင်းအိုလံပစ်ပွဲ ကန့်ကွက်ခြင်း နှင့် နာဂစ် လေဘေးကူညီရေး ကိစ္စများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြကြောင်း မြန်မာမိသားစုများက ပြောကြားကြသည်။

မြန်မာကျောင်း၏ဆရာ ကိုသန်းဌေးဦးမှာ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ၁၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။ မြန်မာစစ်အစိုးရ မူဝါဒအရဆိုလျင် ထိုသို့ မြန်မာလူ့အခွင့်အရေးအတွက် ထောင်တန်းကျခဲ့သူတဦးကို ကျောင်းဆရာအဖြစ် ပြုလုပ်ခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း ကျောင်းသားမိဘတဦးက မှတ်ချက်ပေးသည်။