Sunday, August 14, 2011

ကျောင်းသားတပ်မတော် (ဗဟို) သို့ လှူဒါန်းရန် တေးသီချင်းခွေ အသံသွင်းပြီးစီး

 
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေက ကျောင်းသားတပ်မတော်(ဗဟို) ကို လှူဒါန်းရန်ရည်ရွယ်ပြီး တေးသီချင်းခွေ တခွေကို ပြီးခဲ့ရက်ပိုင်းက အသံသွင်း ပြီးစီးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ ABSDF ကျောင်းသားတပ်မတော် ဗဟိုကို လှူဒါန်းဖို့ရည်ရွယ်ပြီး အသံသွင်းခဲ့တာပါ။ အခု အချောသတ် မာစတာအခွေကို မကြာခင် ဗဟိုကို ပေးပို့လှူဒါန်းဖို့ စီစဉ်နေပါတယ်” လို့ တေးသီချင်းခွေကို အစအဆုံး စီစဉ်ခဲ့တဲ့ ကိုသားငယ် (KS) က ပြောပြတယ်။  


ကိုသားငယ် (KS)

‘သမိုင်းစာမျက်နှာထဲက ဒေါင်း’ လို့ အမည်ပေးထားတဲ့ ဒီတေးသီချင်းခွေကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့က အသံသွင်း စတူဒီယိုတခုမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ‘ငြိမ်းချမ်းစေ့မယ်’၊ ‘အောင်လံကို မြေပေါ်ကျမခံဘူး’၊ ‘ဒေါင်းတို့ဌာနေ’၊ တော်လှန်ကြဟေ့’၊ ‘ဒေါ်စု (သို့မဟုတ်) စွန်ရဲ’၊ ‘သမိုင်းစာမျက်နှာထဲက ဒေါင်း’၊ ‘သူရဲကောင်းတဦး၏ အတ္ထုပ္ပတ္တိ’၊ ‘မှတ်တိုင်လေးစိုက်ခဲ့တယ်’ စတဲ့ သီချင်း ၈ ပုဒ် ပါဝင်ပါတယ်။ 

တေးသီချင်းအားလုံးကို ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုခင်မောင်ဦး (Ossy) ကိုယ်တိုင် ရေးသား သီဆိုထားတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာနဲ့ စီစဉ်သူအပြင် လိဒ်ဂစ်တာကိုတော့ ကိုသားငယ် (KS) က တီးခတ်ထားပြီး ဘေ့စ်ဂစ်တာကို ကိုနိုနို က ပါဝင် တီးခတ်ထားတာ ဖြစ်ပါတယ်။ 

“ဒီသီချင်းခွေ ဖြစ်မြောက်ဖို့အတွက် ကျနော်တို့ ၄ နှစ်ကျော်လောက် အချိန်ယူခဲ့ကြရတယ်၊ အဓိက အခက်အခဲကတော့ ကျနော်တို့တွေက ပြည်နယ်ချင်းမတူဘဲ တယောက်တနေရာစီ ဖြစ်နေတော့ ညှိရနှိုင်းရ စီစဉ်ရတာ ခက်ခဲတာ” လို့ တေးသီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုခဲ့တဲ့ ကိုခင်မောင်ဦး (Ossy) က ဆိုပါတယ်။

 
ကိုခင်မောင်ဦး (Ossy)

၂၃ နှစ်မြောက် ရှစ်လေးလုံးနေ့မတိုင်မီ တေးသီချင်းခွေကို ထုတ်ဝေချင်ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် နောက်ကျခဲ့ရတယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။ သူတို့ရဲ့ Daung Power 88 Music Band အနေနဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုမိုးကျော်ရဲ့ တေးသီချင်းခွေ တခွေကိုလည်း အသံသွင်းနိုင်ဖို့ စတင် စီစဉ်နေကြောင်းလည်း သိရပါတယ်။


ပြီးခဲ့တဲ့ နှစ်ကလည်း ကျောင်းသားတပ်မတော် စောထ တပ်ရင်းမိသားစု ရန်ပုံငွေအတွက် ‘စောထ ဖောင်ဒေးရှင်း’ က တေးသီချင်း ၁၀ ပုဒ်ပါဝင်တဲ့ ငြိမ်းစေ သီဆိုထားတဲ့ ‘စောထ ဒဏ္ဍာရီ’ အမည်ရှိ တေးသီချင်းခွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။ 

အောင်လံကို မြေပေါ်ကျမခံဘူး

 
စွန်ရဲ


1 comment:

kokonaing said...

hay !! that it fantastic sons, thanks for your hard works, let me know if you need me for NC
konaing (601 )