Friday, December 26, 2008

ဂေါပက ဖွဲ့စည်းခြင်း နှင့် တရားပွဲ ဖိတ်ကြားခြင်း



ဘုန်းတော်ကြီးကျောင်း ဂေါပက ဖွဲ့စည်းခြင်း နှင့် တရားပွဲ ဖိတ်ကြားခြင်း


ဒီဇင်ဘာလ ၂၆ ရက်နေ့ ၂၀၀၈ ခုနှစ်


ကော်လိုရာဒိုပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် မိသားစုများ၏ သဒ္ဓါတရားထက်သန် စွာဖြင့် စုပေါင်းအလှူငွေ ထည့်ဝင်မှုနှင့် ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတဆောင်အား စတင် ငှားရမ်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကျောင်းတော်တွင် သတင်းသုံးမည့် ဘုန်းတော်ကြီးလည်း ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ည ၈ နာရီခွဲတွင် ကြွရောက်လာမည်ဖြစ်ပါသည်။


သို့ပါသဖြင့် ဘုန်းတော်ကြီးကျောင်း စတင်လည်ပတ်နိုင်ရေး၊ ကျောင်း၏ ဝေယဝစ္စလုပ်ငန်းများ ဆွေးနွေးနိုင်ရေး၊ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ကို အများဆန္ဒနှင့်အညီ ဖွဲ့စည်းခြင်း နှင့် တရားပွဲကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။


မှတ်ချက်။ ။ နေ့စဉ် (သို့မဟုတ်) အပတ်စဉ် အာရုံဆွမ်း နှင့် နေ့ဆွမ်းအလှူရှင်များ၊ ဘုန်းတော်ကြီးကျောင်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လည်း ဆက်သွယ် လှူဒါန်းနိုင်ကြောင်း နိုးဆော်အပ်ပါသည်။


ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ


အစီအစဉ်


နေ့ရက်

ဇန်နဝါရီလ ၁ ရက် ၂ဝဝ၉ ခုနှစ် (ကြာသပတေးနေ့) ဂေါပကအဖွဲ့ ဖွဲ့စည်းခြင်း

ဇန်နဝါရီလ ၄ ရက် ၂ဝဝ၉ ခုနှစ် (တနင်္ဂနွေနေ့) တရားပွဲကျင်းပခြင်း


အချိန်

နေ့လည် ၁ နာရီ


နေရာ

ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း

1725 Elmira Street

Aurora CO 80010


ဆက်သွယ်ရန် ဖုန်းနံပတ်


ကိုစိုးနိုင် (၇၂၀ ၃၂၄ ၀၃၅၂)

ကိုမျိုး (၃၀၃ ၉၆၀ ၅၉၀၁)

မသန္တာ (၃၀၃ ၆၆၈ ၁၄၅၈)

ကိုခင်မောင်သန်း (၃၀၃ ၃၄၃ ၁၀၉၂)


Thursday, December 25, 2008

ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲနှင့် တရားပွဲ ကျင်းပမည်


ဘုန်းတော်ကြီးကျောင်းပြုလုပ်ရန် ငှားရမ်းထားသည့် အိမ်


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်ပွဲ နှင့် တရားပွဲ ကျင်းပမည်


ဒီဇင်ဘာလ ၂၅ ရက်နေ့ ၂၀၀၈ ခုနှစ်


ကော်လိုရာဒိုပြည်နယ်ရောက် ဗုဒ္ဓဘာသာ မိသားစုများမှ မြန်မာဘုန်းတော်ကြီး ကျောင်းတဆောင်ဖြစ်မြောက်လာစေရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိရာ ယခုအခါ ဘုန်းတော်ကြီးကျောင်းဆောင်တခု ဖြစ်မြောက်သွားသည့်အတွက် ကျောင်းသစ်ဖွင့်ပွဲ နှင့် တရားပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ ဗုဒ္ဓဘာသာ မိသားစုတွေ စုပေါင်း ကြိုးစားစီစဉ်နေတဲ့ ဘုန်းတော်ကြီးကျောင်းတခုတော့ ဖြစ်မြောက်သွားပါပြီ။ ကျောင်းအတွက် အိမ်တလုံးငှား ပြီးသွားပြီ။ ကျောင်းထိုင်ဖို့အတွက် ဘုန်းတော်ကြီး တပါးကိုလည်း ပင့်ထားပြီးပါပြီ။ နောက်နှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကြွရောက်လာမှာ ဖြစ်ပါတယ်” ဟု ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီဝင် ကိုစိုးနိုင် က ပြောသည်။


ဘုန်းတော်ကြီးကျောင်းအမည်အား ‘ဓမ္မပါလ’ ဟု အမည်သမုဒ်ထားပြီး အင်ဒီးယား နားပြည်နယ် ဖို့ဝိန်းမြို့တွင် သတင်းသုံးနေတော်မူသော ဘုန်းတော်ကြီး တပါးမှ လာရောက်၍ သာသနာ့ဝန်ထမ်းမည် ဟု သိရသည်။


“ဘုန်းတော်ကြီးများ ကြွရောက်လာတာနဲ့ ဒီပြည်နယ်မှာရှိနေတဲ့ ဗုဒ္ဓဘာသာမိသားစုဝင်အားလုံး ပါဝင်နိုင်မယ့် အစည်းအဝေးတခုလုပ်ပြီး အများဆန္ဒနဲ့အညီ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်၊ အဲဒီက ဖြစ်ပေါ်လာမယ့် ဂေါပကအဖွဲ့ကို ဖြစ်မြောက်ရေးကော်မတီက လွှဲပြောင်းပေးစရာတွေကို လွှဲပြောင်းပေးပြီး ဂေါပကအဖွဲ့ကနေ ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ပတ်သတ်တာတွေကို တာဝန်ယူ လုပ်ဆောင်ပေး သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


လာမည့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး ၄ ရက်နေ့တွင် တရားပွဲကျင်းပမည်ဟု သိရသည်။ ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲအခမ်းအနားကို တော့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ ။


Monday, December 1, 2008

ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးနှင့် အသင်းလပတ်အစည်းအဝေး ကျင်းပ



ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း

ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေး နှင့်

မြန်မာနိုင်ငံသားများအသင်း လပတ်အစည်းအဝေး ကျင်းပ


ဒီဇင်ဘာ ၁ ရက် ၂၀၀၈ ခုနှစ်


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေး နှင့် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း၏ လပတ် အစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့က ဒန်ဗာမြို့ ဇီနီယာတိုက်ခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအစည်းအဝေးသို့ ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် အလှူရှင်အချို့ တက်ရောက်ခဲ့ကြသည်။


“အခုဆိုရင် ဘုန်းတော်ကြီးကျောင်းအတွက် လူနေအိမ်တလုံးကို ရှာဖွေ ပြီးသွားပါပြီ။ ကျောင်းထိုင်ဖို့အတွက် ဘုန်းတော်ကြီးတပါးကိုလည်း ပင့်ဆောင်ထားပြီးပါပြီ။ နောက်နှစ် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဘုန်းတော်ကြီး ကျောင်းကို စတင်လည်ပတ်မှာ ဖြစ်ပါတယ်” ဟု ကော်မတီအဖွဲ့ဝင်တဦးက ဆိုသည်။


ထို့ပြင် အလှူငွေ ဆက်လက်ကောက်ခံခြင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံတွင် ဘာသာရေးနဲ့သက်ဆိုင်သည့် အသင်းအပင်းဖွဲ့ ဖွဲ့စည်းမှု လျှောက်ထားခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။


ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးကော်မတီကို အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကော်လိုရာဒိုပြည်နယ်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတဆောင် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် နေခြင်းဖြစ်သည်။



ထို့နောက် ဆက်လက် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အသင်း၏ လပတ်အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့သည်။


အသင်း၏လပတ်အစည်းအဝေးသို့ ဦးဆောင်ကော်မတီဝင်များ၊ အသင်း စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး အသင်း၏ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။