Thursday, June 14, 2012

ဒို့သာသနာ ဒို့တွေ စောင့်ရှောက်မယ် (တာရာမျိုး)


ကော်လိုရာဒိုပြည်နယ်၊ ဒမ်ဘာမြို့နဲ့ အော်ရိုရာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှများ အခုရက်ပိုင်းအတွင်း ရွှင်လန်းတက်ကြွစွာ ဖြစ်နေကြပါတယ်။ ဘာပြုလို့လဲဆိုတော့ ‘ဓမ္မပါလကျောင်းတိုက် ထေရဝါဒ သာသနရက္ခိတအသင်း’ က ကြီးမှူးကျင်းပသော ပွဲပေါင်းများစွာမှ မကြာမီကျင်းပတော့မယ့် အထင်ကရပွဲတခုဖြစ်သော ရဟန်းခံ၊ ရှင်ပြု သီလရှင်ဝတ်ပွဲနှင့် ဝိပဿနာ တရားစခန်းပွဲမှာ သားရတနာ သမီးရတနာများကို သာသနာ့ဘောင်ဝင်ခြင်း သာသနဒါယဇ္ဇ သာသနာနဲ့ ဆွေမျိုးတော်ဆပ်ခွင့် ကြုံရမှာဖြစ်လို့ပါ။

တိုင်းတပါးမှာ အကြောင်းအမျိုးမျိုးဖြင့် အခြေချနေလည်း သာသနာအလုပ် ဒို့အလုပ်၊ သာသနာ့တာဝန် ဒို့တာဝန်လို့ ခံယူချက်ပြင်းပြင်းထားနေကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။ သဒ္ဓါတရားဝင့် စေတနာတရားလည်း မြင့်ခဲ့ကြလို့ ၃ နှစ်ဆိုတဲ့ အချိန်တိုလေးမှာပဲ ထေရဝါဒ သာသနရက္ခိတအသင်းကြီး တည်ထောင်နိုင်သလို ဘာသာရေးပွဲများစွာ ကျင်းပနိုင်တာ သက်သေဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို တရိုတသေ လိုက်နာကျင့်ကြံ အားထုတ်သူမှန်သမျှ သာသနာပြုခြင်း မည်ပါတယ်။ သားလေး၊ သမီးလေးတွေကို ဒီအဆုံးအမ ယဉ်ကျေးမှုကို မကြာမီ ခံယူခွင့်ရစေတော့မှာဖြစ်ပါတယ်။

သားတော် မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ့ဘောင်သွတ်သွင်းပြီး သာသနာနဲ့ ဆွေမျိုးတော်ခွင့်ရအောင် ပြုလုပ်ခဲ့တဲ့ အသောကမင်းကြီးကို စံနမူနာယူပြီးတော့ ပြုလုပ်တာမျိုးဖြစ်ပါတယ်။ မိဘတို့ရဲ့ဝတ္တရားမှာ တခုပါဝင်သော မွေခံထိုက်စေဆိုတဲ့ ဝတ္တရားအတိုင်း ကုသိုလ်အမွေ ဓမ္မအမွေပေးတာ ဖြစ်ပါတယ်။

တိုင်းတပါးရောက်ပေမယ့်လည်း ဒို့သာသနာကို ဒို့ကာကွယ်မယ်၊ ဒို့သာသနာ ဒို့စောင့်ရှောက်မယ်ဆိုတဲ့ အသိလေးတွေ နှလုံးသားမှာ အသေအချာထည့်ပြီး သားငယ်၊ သမီးငယ်တွေကို ဗုဒ္ဓအဆုံးအမ ယူစေတာပါ။ ဒို့ဘိုးဘွား အမွေနှစ်ကို ဒို့လက်ထက်မှာ မပျက်စေဘဲ စောင့်ရှောက်မယ်ဆိုတဲ့ အသိလေးရှိနေတာကိုက လေးစားစရာဖြစ်ပါတယ်။

သာသနာဆိုတာ ကိုယ်ဆိုင်လို့တွေ့တာ ပိုင်အောင်လုပ်မှ နိဗ္ဗာန်ကိုရမှာ၊ နိဗ္ဗာန်ကိုရမှ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပေတော့မှာဆိုတဲ့ ဓမ္မကထိက စာသားလေးလိုပါပဲ။ သံသရာက ကြာဦးမှာဆိုတော့ နိဗ္ဗာန်မရသည့်တိုင် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ရင်ပဲ ကျေနပ်စရာပါ။

ဗုဒ္ဓကိုယ်တော်တိုင် ရွှေနန်းတော် ဆွမ်းခံကြွလာတော့ ယသောဓရာ မိဘုရားက ၇ နှစ်သားအရွယ် သားတော်လေး ရာဟုလာကို မောင်ဖခင် တောထွက်တဲ့နေ့ကတည်းက ဖွားဘက်တော်မှာပါဝင်သော ရွှေအိုးကြီး ၄ လုံး အလိုလို ပျောက်ကွယ်သွားတယ်။ အခွင့်သင့်တုန်း သွားတောင်းချေ ဆိုပြီး အမွေတောင်းဖို့ပြောတော့ ‘ဗုဒ္ဓက လောကီအမွေဆိုတာ ပျက်လွယ်တယ်၊ မတည်မြဲဘူး။ ပူလောင်တဲ့သဘောကိုဆောင်တယ်၊ ရန်သူမျိုး ၅ ပါးနဲ့ ဆက်ဆံတာဖြစ်လို့ လောကုတ္တရာအမွေ ရှင်ပြုပေးတာ ဖြစ်ပါတယ်’။ ညီတော်မင်းနန်းကိုလည်း ရဟန်းပြုခြင်းဆိုတဲ့ ဓမ္မအမွေများကိုပေးခဲ့တာ သက်သေဖြစ်ပါတယ်။

သာသနာကို ချီးမြှောက်ရာမှာ အာမိသပူဇာ ပစ္စည်းဝတ္ထုဖြင့် ချီးမြှောက်တာနဲ့ ဓမ္မပူဇာ တရားဓမ္မဖြင့် ချီးမြှောက်တာလို့ ၂ မျိုး ၂ စားရှိပါတယ်။ သူတပါးကိုမှီပြီး သာသနာပြုရတာဆိုတော့ ပစ္စည်းဝတ္ထု ထိုက်သင့်သလောက် လိုပေမယ့်လည်း တကယ်တော့ တရားဓမ္မဖြင့် ချီးမြှောက်ခြင်းကသာ ပိုလို့မြတ်ကြောင်း မြတ်ဗုဒ္ဓက ဟောကြားထားပါတယ်။

အချုပ်အားဖြင့်ဆိုရသော် မကြာမီ သားလိမ္မာ၊ သမီးလိမ္မာတို့ဖြင့် သာသနာ အမွေခံယူခြင်းဖြစ်နေတာကိုက ဒို့သာသနာ ဒို့စောင့်ရှောက်ရာရောက်ပြီး ကိုယ့်ကုသိုလ်အပေါ် ပီတိစိတ်လေးနဲ့ စေသနာ ၃ ပါး ပြတ်သားစွာဖြင့် လှူဒါန်းနိုင်ဖို့က လိုရင်းအကျဆုံးဖြစ်ပါတယ်။

(ဒီဆောင်းပါးဖြင့် ရှင်ပြု ရဟန်းခံ၊ သီလရှင်ဝတ်ပွဲကြီးကို ဂုဏ်ပြုပါသည်။) 

တာရာမျိုး (ကော်လိုရာဒို)
၆၊ ၁၁၊ ၁၂ 

No comments: