Monday, September 15, 2008

သြ၀ါဒ ခံယူပွဲ

ဦးဝိစက္ခဏ ၏ တရားပွဲ နှင့် သြဝါဒခံယူပွဲ ကျင်းပ

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်


အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ဓမ္မရက္ခိဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင် ဦးဝိစက္ခဏ၏ သြဝါဒခံယူပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် သူတပါးတိုင်းပြည်မှာ ရောက်နေတဲ့သူတွေအချင်းချင်း ညီညီညွတ်ညွတ်နဲ့ တဦးကိုတဦး ရိုင်းပင်းကူညီကြပါ။ အပြန်အလှန် စောင့်ရှောက်ကြပါ။ ဗုဒ္ဓဘာသာကို ထွန်းကားစည်ပင်ပြန့်ပွားအောင် ကိုယ်တတ်နိုင်သရွေ့ ကြိုးစားဆောင်ရွက်သွားကြပါ”ဟု ဆရာတော် အရှင်ဦးဝိစက္ခဏက မိန့်ကြားတော်မူသည်။
ထို့ပြင် ဆရာတော်က သူ၏ ဗုဒ္ဓဘာသာပြန့်ပွားရေးလုပ်ဆောင်ခဲ့မှုများကို မိန့်ကြားပြီး ကော်လိုရာဒိုပြည် နယ်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တဆောင်ဖြစ်မြောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရန် တက်ရောက်လာသူ ဒါယိကာ ဒါယိကာမများကို ဆက်လက် မိန့်ကြားတော်မူခဲ့သည်။
“အခုလို ကြုံတောင့်ကြုံခဲ ဆရာတော်ဘုရားကြီးတွေဆီကနေ သြဝါဒစကားတွေကို နာကြားရတယ် ဆိုတော့ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီလိုပွဲလေးတွေကို မကြာခဏ စီစဉ်ပေးစေချင်ပါတယ်” ဟု သြဝါဒခံယူပွဲသို့ ရောက်ရှိလာသူတဦးက ဆိုသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ၄ဝ နီးပါး တက်ရောက်ခဲ့ပြီး နောက်ထပ် အခုလိုပွဲများ အခွင့်သင့်သလို ဆက်လက်ကျင်းပသွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

Sunday, September 7, 2008

မြန်မာနိုင်ငံသားများအသင်း ဖွဲ့စည်း

ရှေ့တန်း (၀ဲမှယာ) ကိုဦး၊ ကိုညီညီထွန်း၊ ကိုခင်မောင်သန်း၊ မမို့မို့မင်းသူ

နောက်တန်း (၀ဲမှယာ) ကိုအာဒန်၊ ကိုမြင့်ဦး၊ ကိုသန်းလွင်၊ ကိုမျိုး၊ ကိုဝင်းနိုင်


ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း ဖွဲ့စည်းလိုက်ပြီ

စက်တင်ဘာလ ၇ ရက်၊ ၂၀၀၈ ခုနှစ်


မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်သို့ ရောက် ရှိနေသော မြန်မာနိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရေး အတွက် “ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း” ကို ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
“ဘာမှမရှိတာနဲ့စာရင် အဖွဲ့အစည်းတခုဖွဲ့လိုက်တာက ကောင်းပါတယ်၊ ကိုယ့်မြန်မာပြည်သားအချင်း ချင်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးနိုင်တာပေါ့၊ ဒါပေမယ့် အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းက ဘာတွေ လုပ်ပေးမလဲ၊ ဘာတွေ ကူညီပေးမလဲဆိုတာကိုတော့ ကျနော်စောင့်ကြည့်ချင်ပါသေးတယ်”ဟု မကြာခင်ကမှ ဒန်ဗာမြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတဦးက ဆိုသည်။
ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်သားများအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြားအသိပညာများ တိုးမြှင့်နိုင်ရေး၊ ရိုးးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် မြန်မာပြည်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါအသင်းကို အကြံပေးပုဂ္ဂိုလ် ၅ ဦး နှင့် ဒီမိုကရေစီနည်းအရ ဦးဆောင်မှုအဖွဲ့ဝင် ၉ ဦးကို ရွေးချယ်တင် မြှောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးနိုင်တာတွေကို လုပ်ပေးသွားမှာပါ၊ ကျနော်တို့ ကိုယ်တိုင်လည်း ဒီကိုရောက်လာတာမကြာသေးတော့ ကျနော်တို့တဦးချင်း မိသားစုရပ်တည်ရေး၊ စားဝတ်နေရေး အတွက်လည်း တဖက်ကလည်း လုပ်ကိုင်နေရတာဆိုတော့ ဦးဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနိုင်ပါ တယ်၊ ဒါပေမယ့်လို့ ကျနော်တို့လုပ်ပေးနိုင်သလောက်ကိုတော့ အကောင်းဆုံးနဲ့ စိတ်စေတနာ အပြည့်အဝထားပြီး ကူညီလုပ်ဆောင်ပေးသွားမှာပါ” ဟု ဦးဆောင်အဖွဲ့ဝင်တဦး က ဆိုသည်။
ထို့ပြင် ယခုဖွဲ့စည်းလိုက်သည့်အသင်း၏ ဦးဆောင်မှုအဖွဲ့ဝင် ၉ ဦးသည် အသင်းကို ၆ လတာ ယာယီ တာဝန်ယူ ဦးဆောင်သွားမည်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ် မတ်လအတွင်း ကော်လိုရာဒိုပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံ သားများအားလုံး ပါဝင်နိုင်မည့် ညီလာခံတခုကို ကျင်းပမည်ဖြစ်ကြောင်းနှင့် ထိုညီလာခံမှ အသင်း၏ဖွဲ့စည်းပုံတခု ကိုအတည်ပြုကာ ဦးဆောင်မှုအသစ်များ ရွေးကောက်တင်မြှောက်၍ အသင်းအား ဆက်လက်ဦးဆောင်သွားစေ မည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
ကော်ဒိုရာဒိုပြည်နယ်တွင် မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးပေါင်းစုံ ၇ဝဝ ကျော် အခြေချနေထိုင် လျက်ရှိကြသည်။