Friday, March 20, 2009

ပထမ အကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပမည်


ပထမ အကြိမ် သက်ကြီးပူဇော်ပွဲ နှင့်

မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပမည်


ရိုးရာအစဉ်အလာအတိုင်း နှစ်သစ်ကူးသည့် အတာသင်္ကြန်ကာလတွင် အဘိုးအဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “ပထမ အကြိမ် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း (1725 Elmira Street Aurora, CO 80010) တွင် ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။


အဘိုးအဘွားတို့အား ပူဇော်ကန်တော့ရန်အတွက် ကန်တော့ပွဲတပွဲလျှင် ဒေါ်လာ ၂ဝ နှုန်းဖြင့်လည်းကောင်း၊ ရင်သွေးငယ်များကို ဆုချီးမြှင့်ရန်အတွက် လက်ဆောင်ပစ္စည်း၊ ကလေးကစားစရာ အရုပ်များဖြင့်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ငွေကြေးဖြင့်လည်းကောင်း မိမိတို့တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ပါဝင်နိုင်ရန် နှိုးဆော်ထားသည်။


အသက် ၆ဝ နှင့်အထက်အရွယ်ရှိ အဘိုးအဘွား ၅ ဦးမှ ၈ ဦးခန့်အထိ ပင့်ဖိတ်ပူဇော်ရန် စီစဉ်နေကြောင်းသိရပြီး အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှင့် ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟ အပေါင်းကို လည်း ဖိတ်ကြားအသိပေးနေကြောင်း သိရသည်။


၁။ ကိုခင်မောင်သန်း (၃ဝ၃) ၃၄၃-၁ဝ၉၂

၂။ ကိုဝင်းနိုင် (၇၂ဝ) ၉၃၉-၃၆၉၁

၃။ ကိုမြင့်ဦး (၃ဝ၃) ၈၉၅-၈၈ဝ၂

၎။ မသန္တာ (၃ဝ၃) ၆၆၈-၁၄၅၈


Tuesday, March 17, 2009

ထိုင်းကွန်မြူနတီမှ မြန်မာပြည်သားများကို ဆန် လာရောက်လှူဒါန်း

ထိုင်းကွန်မြူနတီမှ အဖွဲ့ဝင်အချို့ နှင့် မြန်မာကွန်မြူနတီမှ အဖွဲ့ဝင်အချို့

ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်လည်ပတ်ကြစဉ်။


ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထိုင်းကွန်မြူနတီမှ ဆန်အိတ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုင်းကွန်မြူနတီမှ မြန်မာပြည်သားများအား ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ထမင်းပေါင်းအိုးများ၊ အဝတ်အထည်များနှင့် အခြား အိမ်သုံးပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သေးသည်။


ထို့ပြင် ထမင်းပေါင်းအိုးများ၊ အခြား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များကိုလည်း လှူဒါန်းထားသေးကြောင်းသိရပြီး ထိုပစ္စည်းများကို ထပ်မံဝေငှရန် မြန်မာကွန်မြူနတီမှ စီစဉ်နေကြောင်း သိရသည်။


ထိုင်းကွန်မြူနတီသည် ယခင်က ဒုက္ခသည်များဆိုင်ရာရုံးများမှတဆင့် လှူဒါန်းနေခြင်းဖြစ်ပြီး ယခုအခါမှာတော့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းနှင့် ဆက်သွယ်ပြီး နယ်စပ်ဒေသများမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်နေသူများကို တိုက်ရိုက်လာရောက် လှူဒါန်းနေခြင်းဖြစ်သည်။


Thursday, March 12, 2009

ကော်လိုရာဒိုပြည်နယ်က မဟာဒုက်စာရေးတံမဲ နှင့် ထမနဲပွဲ

မဟာဒုက် စာရေးတံမဲ နှင့် ထမနဲပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တို့က ကျင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထမနဲပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာော့ မဟာဒုက်မဲ ပေါက်သူ နှင့် သံဃာတော်မဲ ပေါက်သူများက ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းဘုန်းတော်ကြီးများ၊ လာအိုဘုန်းတော်ကြီးများကို စုပေါင်းဆွမ်းဖြင့် ကပ်လှူပူဇော်ခဲ့ကြောင်း သိရပါတယ်။


မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ

ဆရာမများနှင့် ကလေးငယ်များက

မဟာဒုက်မဲနှင့် သံဃာမဲများကို မဲဖောက်ေးခဲ့ပါတယ်။



ထမနဲပွဲအတွက် ပြင်ဆင်နေကြတာပါ။


ထမနဲ ထိုးကြလေပြီ။


ဖြစ်ပါတယ်။ ဒီ တအိုးအဆင်မပြေလို့ မဖြစ်လည်း

နောက်တအိုး ထပ်ကြိုးစားသေးတာပေါ့ …။


ကြွရောက်လာတဲ့ ထိုင်း၊ လာအိုဘုန်းတော်ကြီးများကို စုပေါင်းဆွမ်းဖြင့် ကပ်လှူပူဇော်ခဲ့ကြပါတယ်။


ဘုန်းတော်ကြီးများကို ဆွမ်းကပ်လှူပြီးတဲ့နောက်တော့

ကြွရောက်လာတဲ့ ပရိသတ်များအလှည့်ပေါ့။


ပြီးတော့ ရေစက်ချ အမျှဝေ တရားနာခဲ့ပြီး

အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။


Sunday, March 8, 2009

မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို စွန့်ခွာပြီး အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ကလေးငယ်များအတွက် မြန်မာစာပေနှင့် ယဉ်ကျေးမှု သင်တန်းတခုကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ မကြာမီက တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ယခုလ ၇ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

သင်တန်းကျောင်းပုံရိပ် တချို့ကိုတင်ပြပေးလိုက်ပါတယ်။