Monday, May 21, 2012

စုပေါင်း ရှင်ပြု ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ ကျင်းပမည်

ဓမ္မပါလ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့အတွက် အထူးသတင်းကောင်း 

“အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ၊ မနုဿတ္တ ဘာဝေါ ဒုလ္လဘော၊ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ၊ ပဗ္ဗဇ္ဇိတ ဘာဝေါ ဒုလ္လဘော၊ သဒ္ဓမ္မသဝနံ အတိဒုလ္လဘံ၊ ဧဝံ ဒိဝသေ ဒိဝသေ သြဝဒတိ”

မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား၊ ချစ်သားတို့ - လောကမှာ ရဖို့ခက်ခဲသောတရား ငါးပါးရှိ၏။

၁။ မြတ်စွာဘုရားသာသနာနှင့် တွေ့ကြုံဖို့အတွက် ခက်ခဲ၏၊

၂။ လူဘဝ (လူအဖြစ်) ကို ရရှိဖို့အတွက် ခက်ခဲ၏၊

၃။ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံဖို့အတွက် ခက်ခဲ၏၊

၎။ ရှင်၊ ရဟန်းဘဝရရှိဖို့အတွက် ခက်ခဲ၏၊

၅။ သူတော်ကောင်းတရား နာကြားဖို့အတွက်လည်း အလွန့် အလွန် ခက်ခဲ၏ ဟု ခက်ခဲလှသည့် ဒုလ္လဘတရား ငါးပါးကို ဆုံးမဟောကြားတော်မူခဲ့သည်။


ရေတွင်း၊ ရေကန်၊ ကျောင်း၊ စေတီပေါင်း ရှစ်သောင်းလေးထောင်စီ လှူဒါန်းခဲ့သော အသောကမင်းကြီးအား ကျောင်း၊ ရေတွင်း၊ ရေကန် စေတီ လှူဒါန်းရုံမျှဖြင့် သာသနာ့ဒါယဇ္ဇ - သာသနာ့ ဒါယကာ၊ သာသနာ့အမွေခံ မဖြစ်နိုင်ဟု ဟောကြားတော်မူသောကြောင့် သားနှင့်သမီးတို့အား သာသနာ့ဘောင်အတွင်းသွတ်သွင်း၍ သာသနာ့ဒါယကာ သာသနာ့အမွေခံ အဖြစ်ခံယူခဲ့သဖြင့် အသောကမင်းကြီးသည် သာသနာပြုမင်းကြီးဟု နာမည်ကျော်ကြားခဲ့ပါသည်။

-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ-ဝ- 

သို့ဖြစ်ပါ၍ ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေချိန်၊ လူဘဝကိုလည်း ရရှိနေချိန်၌ သဒ္ဓါတရား အင်အားအပြည့်ဖြင့် ရခဲ့လှသည့် ရှင်ရဟန်းဘဝ၊ သီလရှင်ဘဝများကို ဓမ္မပါလဘုန်းတော်ကြီးကျောင်း စုပေါင်း ရှင်ပြု ရဟန်းခံနှင့် သီလရှင်ဝတ်ပွဲတွင် ခံယူရရှိနိုင်ပါကြောင်း၊ ပါရမီရှင် သူတော်ကောင်းတို့အား နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

ကျင်းပမည့်နေ့ရက် နှင့် အချိန်များ

ဇွန်လ ၁၆ ရက်၊ ၂ဝ၁၂ ခုနှစ် (စနေနေ့)

- ညနေ ၃းဝဝ နာရီတွင် ရှင်လောင်းလှည့်ခြင်း နှင့်
- ညနေ ၅း၃ဝ နာရီတွင် ဆံချခြင်း၊ ကိုရင်နှင့် သီလရှင်ဝတ်ခြင်း၊

ဇွန်လ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် (တနင်္ဂနွေနေ့)

- နံက် ၈း၃ဝ မှ ၁ဝး၃ဝ နာရီတွင် ဒုလ္လဘ ရဟန်းခံ သိမ်တက်ခြင်း နှင့် သိမ်ဆင်းလောင်းလှူခြင်း၊
- နံက် ၁၁းဝဝ နာရီတွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီးနောက် ပရိတ်သတ်အား ဧည့်ခံကျွေးမွေးခြင်း၊
- နေ့လည် ၁ နာရီတွင် အနုမောဒနာ တရားပွဲကျင်းပခြင်း၊

မှတ်ချက်။ ။ ‘သာသနာ့အမွေခံယူနိုင်ဖို့ ဇွန်လ ၁ဝ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြပါစို့’ 

No comments: