Friday, November 28, 2008

အဝတ်အထည် နှင့် အသုံးအဆောင်ပစ္စည်းများ ဝေငှ (ဓာတ်ပုံ သတင်း)


ဓာတ်ပုံသတင်း

နိုဝင်ဘာလ ၂၇ ရက် ၂၀၀၈ ခုနှစ်


ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းမှ

မြန်မာမိသားစုများအား အဝတ်အထည် နှင့်

အသုံးအဆောင်ပစ္စည်းများ ဝေငှနေစဉ်။


Monday, November 3, 2008

လာအို ကထိန်ပွဲ

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာပြည်သားများ

လာအို ကထိန်ပွဲတွင် ပူးပေါင်းဆင်နွှဲ

နိုဝင်ဘာလ ၃ ရက် ၂၀၀၈ ခုနှစ်


အောက်တိုဘာလ ၂ ရက်နေ့က ကော်လိုရာဒိုပြည်နယ် ဘရိုက်တန်မြို့ရှိ လာအိုဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည့် ကထိန်ပွဲတွင် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာပြည်သားများ သွားရောက်ပူးပေါင်းဆင်နွှဲ ခဲ့ကြကြောင်း သိရသည်။


“အခုလို စည်စည်ကားကားနဲ့ ဘာသာရေးပွဲလမ်းသဘင်တွေကိုတွေ့တော့ မြန်မာပြည်ကို အရမ်းသတိရတယ်။ အခု ဒီကထိန်ပွဲကို သားတွေ သမီးတွေက အရမ်းလိုက်ချင်တာ၊ ကားအခက်အခဲကြောင့် သူ့တို့ကို ထားခဲ့ရတယ်” ဟု မကြာမီကမှ ကော်လိုရာဒိုပြည်နယ်သို့ရောက်ရှိလာသည့် ဦးသိန်းစိုး က ဆိုသည်။

လာအိုကထိန်ပွဲသည် နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံသား အများစု သွားရောက်ပူးပေါင်းဆင်နွှဲ ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ လာအိုကျောင်းတွင် သတင်းသုံးနေထိုင်နေသော ဘုန်းတော်ကြီးများမှာ မြန်မာနိုင်ငံသားဘုန်းတော်ကြီးများ ဖြစ်သည့်အတွက် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အလှူအတန်းများကို ထိုကျောင်းတွင်သာ အများဆုံး သွားရောက်လှူဒါန်းပြုလုပ်လေ့ရှိသည်။


“တနှစ်လုံး ကျောင်းတကျောင်းမှာ တခါသာပြုလုပ်လို့ရတဲ့ အလှူအတန်းဖြစ်တာမို့ ကြုံတောင့်ကြုံခဲ အလှူဖြစ် တယ်။ နောင်နှစ်တွေမှာလည်း အခုလို လာရောက်ပူးပေါင်း လှူဒါန်းဖို့လည်း ဖိတ်ကြားပါတယ်” ဟု ထိုကျောင်း တွင် သတင်းသုံးနေတော်မူသော အရှင် ဆန္ဒမနောက မိန့်ကြားတော်မူသည်။

ကော်လိုရာဒိုပြည်နယ်တွင် မြန်မာနိုင်ငံမှလာရောက်နေထိုင်အခြေချသူ ၇၀၀ ကျော်ရှိကာ ထိုအထဲတွင် ဗုဒ္ဓဘာသာဝင် မိသားစု ၄၀ ကျော်ခန့်ရှိပြီး မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတဆောင်ဖြစ်မြောက်ရေး အတွက် ကြိုးစားဆောင်ရွက်နေကြကြောင်းလည်း သိရသည်။


Sunday, November 2, 2008

ပန်းတော့ အနုပညာ လက်ရာ


Negative thinking is suffering, Positive thinking is freedom!

နိုဝင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်


ကော်လိုရာဒိုပြည်နယ် ဘရိုက်တန်မြို့ရှိ လာအိုဘုန်းတော်ကြီးကျောင်း

WAT BUDDHAPUNYARAM OF CO တွင် သတင်းသုံးနေတော်မူသော

မြန်မာဘုန်းတော်ကြီး အရှင် စန္ဒာမနော ခေါ် နွန်းမ် နှင့်

သူရဲ့ မြန်မာ့ ပန်းတော့ အနုပညာလက်ရာအချို့

ဘုရားမတင် နတ်မ၀င် လူတွင် ပန်း ၁၀ မျိုး


၁။ ပန်းထိမ် (ရွှေ ငွေ ကို လက်ဝတ်တန်ဆာ စသည် ပြုလုပ်သည့် အတတ်ပညာ)

၂။ ပန်းပဲ (သံထည်အမျိုးမျိုး သွန်းထုသည့် အတတ်ပညာ)

၃။ ပန်းတဉ်း (ကြေးထည်အမျိုးမျိုး သွန်းထုလုပ်ကိုင်သည့် အတတ်ပညာ)

၎။ ပန်းပု (သစ်သား ဆင်စွယ် စသည်တို့ကို ရုပ်လုံး ရုပ်ကြွ ထွင်းထုသော အတတ်ပညာ)

(၅။ ပန်းပွတ် (သစ်သား ဆင်စွယ် စသည်တို့ကို ပွတ်ခံ၍ ပုံဖော်သည့် အတတ်ပညာ)

၆။ ပန်းချီ (ရုပ်ပုံရေးချယ်သော အတတ်ပညာ)

၇။ ပန်းယွန်း (ယွန်းထည် ပြုလုပ်သော အတတ်ပညာ)

၈။ ပန်းတော့ (အင်္ဂတေသရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွဖော်သော အတတ်ပညာ)

၉။ ပန်းတမော့ (ကျောက်ဆစ် အတတ်ပညာ)

၁၀။ ပန်းရန် (အုတ် အင်္ဂတေ တို့ဖြင့် အဆောက်အအုံလုပ်သည့် အတတ်ပညာ)

(ပန်းရန်အစား ပန်းရွဲ (ကျောက်သွေး အတတ်ပညာ) ဟူ၍လည်း ရေတွက်ကြသည်)


Saturday, November 1, 2008

သတင်း မိုးမခ

အမေရိကန် ၂၀၁၀ သန်းခေါင်စာရင်းတွင်

မြန်မာပြည်ဖွားတို့ စာရင်းပေါက်ရန် လိုအပ်ဟု ဆို


မိုးမခ အထောက်တော် ၀၀၂

အောက်တိုဘာ ၂၉၊ ၂၀၀၈


လာမည့် ၂၀၁၀ တွင် အမေရိကန်ပြည်ထောင်စုက နိုင်ငံသားတို့၏ သန်းခေါင်စာရင်း ကောက်ယူမည် ဖြစ်ရာ မြန်မာပြည်ဖွား မြန်မာပြည်သားတို့ကလည်း “မြန်မာ” ဆိုသော စာရင်းပေါက်ရန်၊ တိုင်းပြည်တွင် မြန်မာဦးရေ မည်မျှရှိနေသည်ဟူသော စာရင်းအတိအကျ ပေါက်ရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရေး ဆွေးနွေးနေကြ သည်။


မြန်မာလူမျိုး မိသားစုဦးရေ သောင်းဂဏန်းရှိသည်ဟုသာ ခန့်မှန်းနိုင်ပြီး စာရင်းအတိအကျ မထုတ်ပြန်နိုင်သည့် ကယ်လီဖိုးနီးယား ဘေးဧရိယာတွင်နေထိုင်ကြသည့် မြန်မာအစုအဖွဲ့အချို့နှင့် စိတ်ဝင်စားသူတို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်တွင် လွန်ခဲ့သည် ရက်သတ္တပတ် တနင်္ဂနွေနေ့ ( အောက်တိုဘာ ၂၆၊ ၂၀၀၈) က အလွတ်သဘော တွေ့ဆုံကြပြီး မိမိတို့သဘောထားများကို ထုတ်ဖော်တင်ပြကြသည်။


ဝိုင်းဝန်းဆွေးနွေးကြရာတွင် အမေရိကန်ပြည်ထောင်စု၌ ၁၀ နှစ် တကြိမ် သန်းခေါင်စာရင်းကောက်၍ လူဦးရေနှင့် လူမျိုးစုစာရင်းကို ကောက်ယူပြုစု ထုတ်ပြန်လေ့ရှိကြောင်း၊ လူမျိုးစု ဦးရေ မည်ရွေ့မည်မျှ ရှိသည့်စာရင်းကို ကြည့်ပြီး နိုင်ငံတော်နှင့် ပြည်နယ်များက စီမံကိန်းများ၊ အကူအညီများ၊ ခွဲတမ်းများ ချမှတ်လေ့ရှိကြောင်း၊ ပေါ်လစီ(မူဝါဒ)များ ချမှတ်လေ့ရှိကြောင်း၊ ယခုအချိန်တွင် မြန်မာပြည်မှ ပြောင်းရွှေ့အခြေချလာသည့် မြန်မာပြည်ဖွားတို့ ယခု ၁၀ နှစ်အတွင်း အများအပြား တိုးပွားလာသည်ကို တွေ့ရှိနေရသော်လည်း လူဦးရေ စာရင်း အတိအကျ ထုတ်ဖော်မပြောနိုင်သေးသဖြင့် အခြား လူမျိုးများနှင့် နှိုင်းယှဉ်ပါက လူနည်းစုတို့ကို ဦးစားပေးရမည့် အခွင့်အရေးနှင့် ခံစားခွင့်တို့ကို မရနိုင်ဘဲ နစ်နာမှုများရှိနေကြောင်း၊ အထူးသဖြင့် ပညာရေး၊ လူမှုဖူလုံရေး၊ ကျန်းမာရေး အထောက်အကူ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု စသည့် အရေးကိစ္စများတွင် လူနည်းစုများအဖြစ် အထူးကာကွယ်စောင့်ရှောက် ဦးစားပေးမှုတို့ကို မြန်မာတို့ မရရှိ၊ မသိရှိရဘဲ ဥပက္ခာပြု ခံထားရကြောင်း၊ ထိုအရေးကိစ္စများကို ပညာပေးရန်၊ ၀ိုင်းဝန်းပြီး အတူတကွ တစည်းတလုံးတည်း ဆောင်ရွက်ကြ ရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်ဟု သိရသည်။


တဦးက ဆွေးနွေးရာတွင် -


“ကျမတို့က မြန်မာပြည်ဖွား "တရုတ်"လူမျိုးဆိုတော့ ဒီမှာ ဖောင်ဖြည့်ရင် တရုတ်လို့ ဖြည့်တယ်။ တရုတ်လို့ ဖြည့်လိုက်တော့ ကျမက တရုတ်ပြည်မကြီးက တရုတ်တွေအဖြစ် ဒီအစိုးရက စာရင်းထဲ ပေါင်းထည့်လိုက်ရော။ မြန်မာလို့သာရေးခဲ့ရင် မြန်မာဆိုတဲ့ အရေအတွက်စာရင်း တခုပေါက်သွားမှာပေါ့။ ဖြည့်လို့ရတဲ့ ပုံစံက “အခြားသော အာရှသားများ” (Other Asians) ဆိုတဲ့ စာသားကို အမှန်ခြစ်၊ နောက်ကကွက်လပ်မှာ - “မြန်မာ” (Burmese) လို့ဖြည့် အဲသလို ဖြစ်ရမှာ” ဟု တင်ပြခဲ့သည်။


ကျောင်းသားဖခင်တဦးက -


“ကျနော့်ကလေးက ကျောင်းလျှောက်တော့ “မြန်မာ” လို့ ဖြည့်လိုက်တယ်။ တရုတ်လည်း မဖြည့်ဘူး၊ တခြားလည်း မဖြည့်ဘူး။ ကျောင်းက အမှတ်တွေကို စစ်တယ်။ အမှတ်ကောင်းတာချင်းတူနေရင် ဦးစားပေးရမယ့် လူနည်းစု စာရင်းနဲ့ ဇကာ(ဆန်ခါ)တိုက်တယ်။ သူက မြန်မာဆိုတဲ့ လူနည်းစုဖြစ်နေတော့ ကျောင်းဝင်ခွင့်ရသွား တယ်ဗျ။ သဘောက သူက အခြား အာရှသားတယောက်လို့ ပေါ့ပေါ့ဆဆ ဖြည့်လိုက်ရင် အဲဒီ စာရင်း သတ်မှတ်ချက်က နည်းနေရင် အပြိုင်အဆိုင်များတာပေါ့။ ” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။


မြန်မာပြည်ဖွားများတွင် တိုင်းရင်းသားများ၊ အခြားလူမျိုးများဟူ၍ အမျိုးမျိုးအဖုံဖုံ ရှိနေသည့်အရေးနှင့် ယခု အမေရိကန် သန်းခေါင်စာရင်းတွင် “Burmese” ဟူပြီး ဖြည့်ရမည့်ကိစ္စကိုလည်း သူတို့ ၀ိုင်းဝန်းဆွေးနွေး စဉ်းစားခဲ့ကြသည်ကို တွေ့ရသည်။


“ဥပမာဗျာ - ကျနော်က တရုတ်လူမျိုး၊ မြန်မာပြည်ဖွား။ ပြီးတော့ ကျနော်တို့ တရုတ်တွေမှာ မျိုးနွယ်စု ကွဲပြားတာတွေ ရှိတယ်။ ဘာသာစကားပြောတာ ကွဲပြားတာလည်း ရှိတယ်။ ဒါပေမယ့် တစိမ်းတွေ မျက်စိရှေ့မှာ ကျနော်တို့အားလုံးဟာ တရုတ်ပဲ။ ကွမ်းတုံတို့ ဖုကျင့်တို့ဆိုပြီး ခွဲပြီး ပြောမနေတော့ဘူးလေ။ အခုအချိန်မှာ ကျနော်တို့က မြန်မာပြည်ရဲ့ ဘယ်ဒေသက၊ ဘယ် လူမျိုးစုက ဆိုတာမျိုးကို မပြောသေးဘဲ အမေရိကန်စနစ်မှာ ပုံစံတခုဝင်သွားအောင် တညီတညွတ်တည်း ဆောင်ရွက်ဖို့လိုမယ် ထင်ပါတယ်။ ကျနော်က အခုဆို “တရုတ်”လို့ ဖောင်တွေမှာ မဖြည့်တော့ဘူးလေ၊ “မြန်မာ” လို့ ဖြည့်တယ်” ဟု တဦးက သူ့အမြင်ကို ရှင်းပြခဲ့သည်။


ယခုအချိန်တွင် အမေရိကန်အစိုးရစနစ်က မြန်မာပြည်ကို “Burma”၊ မြန်မာပြည်သားကို “Burmese” ဟု ရုံးစာတွင် သတ်မှတ်ထားရာ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး အခြေခံတို့ကို ချဲ့ထွင်စဉ်းစားခြင်းကို ဦးစားမပေးသေးဘဲ၊ “မြန်မာ” ဆိုသည့် စာရင်းနှင့် လူဦးရေ အတိအကျ တစုတစည်းတည်း ကောက်ယူနိုင်ပြီး အမေရိကန်တပြည်လုံးတွင် အတိအကျ ထင်ရှားလာစေရေး ဆောင်ရွက်နိုင်ကြရန် အားလုံးက ၀ိုင်းဝန်းဆွေးနွေး ကြသည်ကို တွေ့ရသည်။


ယခု အလွတ်သဘောတွေ့ဆုံပွဲမှာ နေ့ခင်း ၂ နာရီမှ ညနေ ၄ နာရီအတွင်း ၂ နာရီ အချိန်အတွင်း တက်ရောက်သူ လူဦးရေ ၂၅ ဦးခန့်နှင့် ကျင်းပခဲ့သည်။ တဦးလျင် စကားပြောချိန် ၃ မိနစ်မှ ၅ မိနစ်အတွင်း အလှည့်ကျ စာရင်းသွင်း ဆွေးနွေးပြီး ဆွေးနွေးပွဲ ကြည့်ကြပ်သူအဖြစ် ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယက မေတ္တာဖြင့် ဆောင်ရွက်ပေးသည်။


အားလုံးက ထပ်မံ တွေ့ဆုံလိုကြပြီး ယခုထက်ပိုမို၍ နောက်ထပ်စိတ်ဝင်စားသူ တိုင်းရင်းသားများ၊ ဘာသာရေး အစုအဖွဲ့များ၊ အခြား အစုအဖွဲ့ပေါင်းစုံ ၀ိုင်းဝန်းပါဝင်လာရေး၊ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လိုက်လံ ဖိတ်ကြားနိုင်ရေး၊ မိမိတို့ မြန်မာမိသားစု အသိုင်းအ၀ိုင်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆောင်ရွက်လာစေရေးအတွက် ပညာပေးရေး၊ စည်းရုံးရေး၊ သတင်းဖြန့်ချိရေးတို့ကို မြန်မာတမျိုးသားလုံးက တယောက်တလက် ဆောင်ရွက်ကြရန် စဉ်းစားကြသည်။


အလွတ်သဘော တွေ့ဆုံသူများအားလုံးက နောက်တကြိမ် ထပ်မံတွေ့ဆုံကြရန်၊ ယခုထက်ပိုမို၍ လူအများ ပါဝင်နိုင်ရေး လိုက်လံဖိတ်ခေါ် အကြံတောင်းကြရန် သဘောတူကြသည်။ ဘေးဧရိယာ မြန်မာမိသားစုများနှင့် တကွ နီးစပ်ရာ စာဖတ်သူများအားလုံးကို စတင် သတင်းပေးရန် အသိပေးရန်အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့ကို ခွင့်ပြုသဖြင့် ယခုသတင်းကို တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။


မိုးမခ မှ ပြန်လည်ကူးယူဖော်ပြပါသည်။