Sunday, October 21, 2007

ဒီမိုကရေစီရေး လှုပ်ရှားသူများအတွက် အလှူအတန်းပြု

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာပြည်သားများ
ဒီမိုကရေစီရေးအတွင်း ကျဆုံးသွားကြသူများကို မမေ့လျော့

အောက်တိုဘာ ၂၁၊ ၂၀၀


အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ကျဆုံးသွားကြသော အာဇာနည်အပေါင်းအား ရည်စူးသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားတခုကို ယနေ့ ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို ဘရိုက်တန်မြို့ရှိ လာအို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပြီး ပြည်ပရောက် မြန်မာပြည်သား ၃၀ ကျော် ပါဝင်ခဲ့ကြသည်။ သံဃာတော် ၃ ပါးအား နေ့ဆွမ်းကပ်လှူဒါန်းခြင်း၊ မေတ္တာပို့၊ ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

“မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေကို ကျနော်တို့အနေနဲ့ မမေ့မလျော့ အမြဲတမ်း သတိတရရှိနေတယ်၊ သူတို့အတွက် ရည်စူးပြီး တတ်နိုင်တဲ့အလှူဒါနတွေကို စိတ်အား ထက်သန်စွာနဲ့ ကျနော်တို့ လုပ်ဆောင်နေပါ တယ်”ဟု ဒန်ဗာမြို့ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ ကိုညီညီထွန်းက ဆိုသည်။

“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းနေမှုတွေကို ရပ်တန်းကရပ်ဖို့ကို လည်း တောင်းဆိုပါတယ်” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ခေါ် သံဃာတော်များ ဦးဆောင် ပါဝင်သည့် မေတ္တာပို့ချီတက်ပွဲနောက်ပိုင်း ယင်းပြည်နယ်ရောက် မြန်မာမိသားစုများကလည်း လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။ ယနေ့ပြုလုပ်ခဲ့သည့် မေတ္တာပို့ဆုတောင်းပွဲသည် တတိယမြောက် လှုပ်ရှား မှုဖြစ်သည်၊။

ယခုလအစောပိုင်းတွင် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ၊ စစ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲတို့ကို ကော်လိုရာဒိုပြည်နယ် အစိုးရရုံးစိုက်ရာ ဒန်ဗာမြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့ကြ သည်။

ကော်လိုရာဒိုပြည်နယ်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၂၀၀ ကျော်နေထိုင်ပြီး အများစုမှာ မြန်မာပြည်အတွင်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် နိုင်ငံကို စွန့်ခွာခဲ့ကြရသည့် ဒုက္ခသည်များဖြစ်သည်။

Sunday, October 7, 2007

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ


ကော်လိုရာဒိုပြည်နယ် ဒန်ဗာ၌
ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ ကျင်းပ

အောက်တိုဘာလ ၇၊ ၂၀၀၇

မြန်မာပြည်တွင်း စစ်အစိုး၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ကျဆုံးကွယ်လွန်သွားခဲ့ရသော ရဟန်း ရှင်လူ ပြည်သူများနှင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ရည်စူး၍ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲတရပ်ကို အောက်တိုဘာလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားသူများက စုပေါင်း ကျင်းပခဲ့သည်။


ည ၇ နာရီတွင် စတင်ကျင်းပသည့် အဆိုပါ ၀တ်ပြုဆုတောင်းပွဲကို ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များနှင့်အတူ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မူဆလင် ဘာသာဝင်များ စုစုပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ရှင်းလင်း ပြောကြားကြပြီး မြန်မာ့အရေး စိတ်ဝင်စားသူ အမေရိကန်နိုင်ငံသားများကလည်း အားပေးစကားများ အပြန်အလှန် ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများးက ဖယောင်းတိုင်မီးများ ထွန်းညှိ၍ မိမိတို့၏ဘာသာအလိုက် ငြိမ်သက်စွာ ဆုတောင်း မေတ္တာများ ပို့သခဲ့ကြပြီး မြန်မာပြည် ငြိမ်းချမ်းရေး နှင့် လွတ်မြောက်ရေးအတွက် ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်၍ ဆုတောင်းပွဲကို ရုပ်သိမ်း ခဲ့ကြသည်။

Saturday, September 29, 2007

ရွှေဝါရောင် တော်လှန်ရေး ထောက်ခံပွဲ

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ


စက်တင်ဘာ ၂၉၊ ၂၀၀၇


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကို ထောက်ခံကြောင်း နှင့် ထိုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းနေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရှိ မြန်မာနိုင်ငံသားများ ယနေ့ ကျင်းပခဲ့သည်။

နေ့လည် ၂ နာရီမှ ၄ နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဆန္ဒပြပွဲတွင် လူအင်အး ၅၀ နီးပါးပါဝင်ခဲ့ပြီး ကော်လိုရာဒိုပြည်နယ် မြို့တော် ဒန်ဗာမြို့တော်ခန်းမရှေ့တွင် သွားရောက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။


“မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ကျနော်တို့အနေနဲ့ ထောက်ခံတယ်။ ဒါ့အပြင် အခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြ တောင်းဆိုနေတာတွေကို စစ်အစိုးရကနေ အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းနေတာတွေကို အမြန်ဆုံး ရပ်တန့်စေဖို့အတွက် ကျနော်တို့ လာရောက်တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြနေသူတဦးက ဆိုသည်။

ထို့အပြင် ယခုလိုမျိုး ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များရှိသေးကြောင်းလည်း ဦးဆောင်သူများ က ဆိုသည်။