Monday, February 2, 2009

မြန်မာစာပေ နှင့် ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်မည်


ဖေဖော်ဝါရီလ ၂ ရက် ၂၀၀၉ ခုနှစ်


အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသား ကလေးငယ်များအတွက်ရည်ရွယ်ပြီး မြန်မာစာပေ နှင့် ယဉ်ကျေးမှု သင်တန်းတခု ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မကြာမီက ဖွင့်လှစ်ခဲ့သည့် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ယခုအခါ တက်ရောက်သင်ကြားမည့် ကျောင်းသားဦးရေကို စတင် စာရင်းကောက်ခံနေကြောင်း သိရသည်။


“ကျနော်တို့အရင်တုန်းက မြန်မာစာသင်တဲ့ကျောင်းလေးတခု လုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သင်ကြားပြသပေးမယ့် ကျောင်းဆရာ အခက်အခဲကြောင့် ကာလတခုအထိ ရပ်ခဲ့ရပါတယ်။ အခု သင်တန်းကျောင်းလေးက အဲဒီ စာသင်ကျောင်းလေးရဲ့အဆက်လို့ ပြောလို့ရမယ် ထင်ပါတယ်။ အရင်ကတော့ ဘုန်းတော်ကြီးကျောင်းလည်းမရှိသေးတော့ မြန်မာစာ အရေး အဖတ်လောက်ပဲ သင်ပေးနိုင်ပါတယ်၊ အခုကတော့ ဘုန်းတော်ကြီးကျောင်း နဲ့ ဘုန်းတော်ကြီးလည်း ရှိနေတယ်ဆိုတော့ ဗုဒ္ဓဘာသာဝင် ကလေးငယ်တွေအတွက် ဘုရားရှိခိုးစာက စလို့ပေါ့ဗျာ၊ ဗုဒ္ဓဘာသာရဲ့ အခြေခံလေးတွေနဲ့ အခြား မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တာလေးတွေကို သင်ပေးသွားဖို့ စဉ်းစားထားပါတယ် ” ဟု သင်တန်းကျောင်းဖြစ်မြောက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးနေတဲ့ ကျောင်းသား မိဘတဦးက ဆိုသည်။


ထိုသင်တန်းသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ သင်ကြားမှာဖြစ်ပြီး သင်တန်းသားတဦးလျှင် သင်တန်းကာလ ၆ လအတွက် သင်တန်းကြေး ၁၀ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။


“ကျနော်တို့ အခု သင်တန်းကျောင်းလေးကို ကျောင်းဆရာ ၁ ယောက်နဲ့ ဆရာမ ၃ ယောက်က မြန်မာစာပေ နဲ့ သင်္ချာဘာသာရပ်တွေကို အဓိက သင်ပေးမှာပါ။ ကျောင်းထိုင်ဆရာတော်ကနေပြီးတော့ ဗုဒ္ဓဘာသာဝင် ကလေးငယ်တွေအတွက် ဘာသာရေး၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တာတွေကို သင်ကြားပေးသွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ကျနော်တို့ မိဘဆရာအသင်းပုံစံမျိုးလေးဖွဲ့ပြီး ကလေးကျောင်း အကြိုအပို့က စပြီးတော့ သင်တန်းကျောင်း ရေရှည်တည်တံ့နိုင်အောင် လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု သင်တန်းကျောင်းဆရာ တဦးက ဆိုသည်။


ကော်လိုရာဒိုပြည်နယ်တွင် မြန်မာနိုင်ငံသား ၈၀၀ နီးပါးရှိပြီး အများစုမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် ပြည်တွင်းစစ်ဒဏ်ကြောင့် နယ်စပ်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်ရင်း UNHCR အစီအစဉ်ဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်သည်။