Monday, September 15, 2008

သြ၀ါဒ ခံယူပွဲ

ဦးဝိစက္ခဏ ၏ တရားပွဲ နှင့် သြဝါဒခံယူပွဲ ကျင်းပ

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်


အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ဓမ္မရက္ခိဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင် ဦးဝိစက္ခဏ၏ သြဝါဒခံယူပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် သူတပါးတိုင်းပြည်မှာ ရောက်နေတဲ့သူတွေအချင်းချင်း ညီညီညွတ်ညွတ်နဲ့ တဦးကိုတဦး ရိုင်းပင်းကူညီကြပါ။ အပြန်အလှန် စောင့်ရှောက်ကြပါ။ ဗုဒ္ဓဘာသာကို ထွန်းကားစည်ပင်ပြန့်ပွားအောင် ကိုယ်တတ်နိုင်သရွေ့ ကြိုးစားဆောင်ရွက်သွားကြပါ”ဟု ဆရာတော် အရှင်ဦးဝိစက္ခဏက မိန့်ကြားတော်မူသည်။
ထို့ပြင် ဆရာတော်က သူ၏ ဗုဒ္ဓဘာသာပြန့်ပွားရေးလုပ်ဆောင်ခဲ့မှုများကို မိန့်ကြားပြီး ကော်လိုရာဒိုပြည် နယ်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တဆောင်ဖြစ်မြောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရန် တက်ရောက်လာသူ ဒါယိကာ ဒါယိကာမများကို ဆက်လက် မိန့်ကြားတော်မူခဲ့သည်။
“အခုလို ကြုံတောင့်ကြုံခဲ ဆရာတော်ဘုရားကြီးတွေဆီကနေ သြဝါဒစကားတွေကို နာကြားရတယ် ဆိုတော့ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီလိုပွဲလေးတွေကို မကြာခဏ စီစဉ်ပေးစေချင်ပါတယ်” ဟု သြဝါဒခံယူပွဲသို့ ရောက်ရှိလာသူတဦးက ဆိုသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ၄ဝ နီးပါး တက်ရောက်ခဲ့ပြီး နောက်ထပ် အခုလိုပွဲများ အခွင့်သင့်သလို ဆက်လက်ကျင်းပသွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

No comments: