Sunday, October 5, 2008

ဘုန်းကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း
အောက်တိုဘာ ၅ ရက်၊ ၂၀၀၈ ခုနှစ်

ဗုဒ္ဓဘာသာဝင်မိသားစုပေါင်း ၄၀ ကျော်နေထိုင်သည့် ကော်လိုရာဒိုပြည်နယ်အတွင်း မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတဆောင်ဖြစ်မြောက်ရေးအတွက် ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာဝင် ၃၀ နီးပါးတက်ရောက်သည့် ဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၂ ဦးပါ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“ကျမတို့ အခု အလှူငွေ ကောက်ခံတာတို့၊ ဘုန်းတော်ကြီးကျောင်းအတွက် နေရာရှာတာ၊ ကျောင်းထိုင်ဘုန်းကြီး ရှာဖွေပင့်လျှောက်တာတွေ စတင်လုပ်နေပါတယ်။ လောလောဆယ် အခန်း ဒါမှမဟုတ် အိမ်တလုံးငှားပြီးတော့ ဘုန်းကြီးကျောင်းလေးကို စတင် တည်မှာဖြစ်ပါတယ်။ နောက်ပိုင်း အလှူငွေထည့်ဝင်လာမှုအပေါ် မူတည်ပြီးတော့ ကိုယ်ပိုင် ဘုန်းကြီးတကျောင်း ဖြစ်လာဖို့အထိ ရည်မှန်းထားကြပါတယ်။ ဒီမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကလည်း သဒ္ဓါတရားအပြည့်နဲ့ ပါဝင်လှူဒါန်းကြတဲ့အတွက်လည်း အများကြီး အားရှိပြီး ၀မ်းသာရပါတယ်” ဟု ဖြစ်မြောက်ရေးကော်မတီဝင် မသန္တာက ဆိုသည်။
ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာခဲ့ပါက ဖြစ်မြောက်ရေးကော်မတီအနေဖြင့် အများဆန္ဒနှင့်အညီ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပေးပြီး ကျောင်းဝေယာဝစ္စလုပ်ငန်းများကို ဆက်လက် တာဝန်ယူဆောင်ရွက်သွားစေမှာဖြစ်သည်ဟု သူမက ဆက်လက်ပြောဆိုသည်။
မြန်မာပြည်သား ဗုဒ္ဓဘာသာဝင်များအနေဖြင့် အလှူအတန်းပြုလုပ်လိုပါက တနာရီနီးပါး ကားမောင်းသွားရသည့် လာအို ဘုန်းတော်ကြီးကျောင်း နှင့် ထိုင်းဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းနေရပြီး အခုလို ဘုန်းတော်ကြီး ကျောင်းတဆောင် အနီးအနားမှာရှိခဲ့ရင် အားလုံးအတွက် လှူရ တန်းရတာ အများကြီး အဆင်ပြေသွားမယ်ထင်တယ် ဟု ဒန်ဗာမြို့ခံ ဗုဒ္ဓဘာသာဝင်တဦးက ဆိုသည်။
စေတနာရှင်များအနေဖြင့် အလှူငွေ ထည့်ဝင်လှူဒါန်းလိုပါက ဦးမောင်မျိုး၊ ဖုန်းနံပါတ် ( ၃၀၃-၉၆၀-၅၉၀၁) နှင့် ဦးစိုးနိုင် (၇၂၀-၃၂၄-၀၃၅၂) တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments: