Saturday, October 18, 2008

သတင်း အာရ်အက်ဖ်အေ

အာရ်အက်ဖ်အေ မြန်မာပိုင်း (ဦးဇော်မိုးကျော်)


အောက်တိုဘာ ၁၃ ၊ ၂၀၀၈ ခုနှစ် တနင်္လာနေ့ မနက်ပိုင်း အစီအစဉ်

အောက်တိုဘာ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်


အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ကို မြန်မာဒုက္ခသည်တွေရောက်ရှိနေတာ ၁၀၀၀ နီးပါး ရှိလာပြီ ဖြစ်တဲ့အတွက်ကြောင့် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းကို ထူထောင်ပြီးတော့ မြန်မာအသိုင်းအ၀ိုင်းတခုဖြစ်အောင် စတင်စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်ခင်ဗျာ။


ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က မြန်မာမိသားစု ၂၀ လောက်ပဲရှိရာကနေ အခုအခါမှာ မြန်မာဒုက္ခသည် ၈၀၀ ကျော် ၉၀၀ နီးပါးဖြစ်လာတာကြောင့် မြန်မာနိုင်ငံသားအချင်းချင်း ကူညီနိုင်ရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းငယ်လေးတရပ် ပေါ်ထွန်းလာရေး ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတဲ့အကြောင်း အဲဒီမှာ ပါဝင်လုပ်ဆောင်နေတဲ့ ကိုမောင်မောင်ဦးက ပြောပြပါတယ်။


“တိုင်းရင်းသားကလေးငယ်တွေအတွက် မိခင်ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနဲ့ စာသင်ဖို့အတွက် စာသင်ကျောင်းလေး တခုလုပ်တယ်။ နောက်ပြီးတော့ ဗုဒ္ဓဘာသာမိသားစုတွေအတွက် ဘုန်းကြီးကျောင်းလေး တခုလုပ်ဖို့အတွက်ကို ကျနော်တို့ စပြီး စီစဉ်ဆောင်ရွက်နေကြတယ်။ ကျနော်တို့ ဗမာပြည်ထဲမှာ စစ်အာဏာရှင် စနစ်အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း အမျိုးမျိုးတွေကြောင့် ကိုယ့်နိုင်ငံမှာ နေလို့မရဘဲ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်လာခဲ့ကြရတယ်၊ ဒုက္ခသည်တွေပေါ့နော်။ အဲဒီ အထဲက ကော်လိုရာဒိုပြည်နယ်ထဲကို ရောက်လာတဲ့သူတွေကို ကူညီစောင့်ရှောက်မယ်၊ တတ်နိုင်သလောက် လိုအပ်မှုလေးတွေ ဖြည့်တင်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ကွန်မြူနတီလေးကို ကျနော်တို့ စဖွဲ့ပြီးတော့ စပြီးတော့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်”


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံသား ၃၅၀ လောက်ကို ကော်လိုရာဒိုပြည်နယ် အာရှတိုက် သားများ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဆီးချို သွေးချို၊ အဆီလွန်ရောဂါ၊ ရင်သားကင်ဆာ စတဲ့ရောဂါတွေကို အခမဲ့စစ်ဆေးတာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးတာတွေကို ကူညီလုပ်ဆောင်ပေးခဲ့တယ် လို့ ဆိုပါတယ်။ ဒီနှစ်ပိုင်းအတွင်း ဒုက္ခသည်တွေ ပိုမိုရောက်ရှိလာတာကြောင့် ၉၀၀ လောက်ရှိသွားပြီးတော့ အများစုဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် ပညာမသင်ကြားခဲ့ရဘဲ ဒုက္ခသည်စခန်းတွေမှာသာ နှစ်ရှည်လများနေထိုင် ခဲ့ရတဲ့အတွက် ခေတ်မီလူ့အဖွဲ့အစည်းတရပ်က စနစ်တွေနဲ့အညီ လိုက်ပါနေထိုင်ရေး အခက်အခဲတွေရှိတဲ့ အကြောင်း၊ ဒါတွေကို အဆင်ပြေအောင် လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း၊ မြန်မာဒုက္ခသည်တွေ အခြေချနေထိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ Lutheran Family Services မှ ဒုက္ခသည် ကူညီရေးတွေ လုပ်ကိုင်ပေးနေတဲ့ မမို့မို့မင်းသူက ပြောပါတယ်။


“ဒီမှာအခြေချတဲ့သူတွေမှာ အများဆုံး အခက်အခဲကြုံရတာက ဘာတွေမှာ ပြဿနာတက်သလဲဆိုရင် အမေရိကန်မှာရှိတဲ့စနစ်နဲ့ ဗမာပြည်နဲ့ ထိုင်းမှာရှိတဲ့စနစ်နဲ့မတူဘူး၊ အဓိကကတော့ မိဘကနေ သားသမီးကို ထိန်းကျောင်းပေးတဲ့ အုပ်ထိန်းမှုပိုင်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပိုင်းတွေမှာ များသောအားဖြင့် အခက်အခဲကြုံ ရတာများတယ်”


မကြာခင် လပိုင်းတွေမှာလည်းပဲ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေထပ်မံရောက်ရှိလာဖို့ ရှိနေသေးကြောင်းကို လည်း သိရှိရပါတယ် ခင်ဗျာ။


No comments: