Thursday, December 25, 2008

ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲနှင့် တရားပွဲ ကျင်းပမည်


ဘုန်းတော်ကြီးကျောင်းပြုလုပ်ရန် ငှားရမ်းထားသည့် အိမ်


ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်ပွဲ နှင့် တရားပွဲ ကျင်းပမည်


ဒီဇင်ဘာလ ၂၅ ရက်နေ့ ၂၀၀၈ ခုနှစ်


ကော်လိုရာဒိုပြည်နယ်ရောက် ဗုဒ္ဓဘာသာ မိသားစုများမှ မြန်မာဘုန်းတော်ကြီး ကျောင်းတဆောင်ဖြစ်မြောက်လာစေရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိရာ ယခုအခါ ဘုန်းတော်ကြီးကျောင်းဆောင်တခု ဖြစ်မြောက်သွားသည့်အတွက် ကျောင်းသစ်ဖွင့်ပွဲ နှင့် တရားပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ ဗုဒ္ဓဘာသာ မိသားစုတွေ စုပေါင်း ကြိုးစားစီစဉ်နေတဲ့ ဘုန်းတော်ကြီးကျောင်းတခုတော့ ဖြစ်မြောက်သွားပါပြီ။ ကျောင်းအတွက် အိမ်တလုံးငှား ပြီးသွားပြီ။ ကျောင်းထိုင်ဖို့အတွက် ဘုန်းတော်ကြီး တပါးကိုလည်း ပင့်ထားပြီးပါပြီ။ နောက်နှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကြွရောက်လာမှာ ဖြစ်ပါတယ်” ဟု ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီဝင် ကိုစိုးနိုင် က ပြောသည်။


ဘုန်းတော်ကြီးကျောင်းအမည်အား ‘ဓမ္မပါလ’ ဟု အမည်သမုဒ်ထားပြီး အင်ဒီးယား နားပြည်နယ် ဖို့ဝိန်းမြို့တွင် သတင်းသုံးနေတော်မူသော ဘုန်းတော်ကြီး တပါးမှ လာရောက်၍ သာသနာ့ဝန်ထမ်းမည် ဟု သိရသည်။


“ဘုန်းတော်ကြီးများ ကြွရောက်လာတာနဲ့ ဒီပြည်နယ်မှာရှိနေတဲ့ ဗုဒ္ဓဘာသာမိသားစုဝင်အားလုံး ပါဝင်နိုင်မယ့် အစည်းအဝေးတခုလုပ်ပြီး အများဆန္ဒနဲ့အညီ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်၊ အဲဒီက ဖြစ်ပေါ်လာမယ့် ဂေါပကအဖွဲ့ကို ဖြစ်မြောက်ရေးကော်မတီက လွှဲပြောင်းပေးစရာတွေကို လွှဲပြောင်းပေးပြီး ဂေါပကအဖွဲ့ကနေ ဆက်လက်ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ပတ်သတ်တာတွေကို တာဝန်ယူ လုပ်ဆောင်ပေး သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


လာမည့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ ဖွဲ့စည်းရေး ဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး ၄ ရက်နေ့တွင် တရားပွဲကျင်းပမည်ဟု သိရသည်။ ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲအခမ်းအနားကို တော့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ ။


No comments: