Wednesday, September 8, 2010

အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြရမှာလဲ (နေချင်သေးတာလဲ …) - ကျော်ဝဏ္ဏ

(၁) အခုအမေရိကားကိုရောက်နေတဲ့ တီးဝိုင်းတခုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာတဲ့ အဆိုတော်အမျိုးသမီး တယောက်ဟာ စစ်အစိုးရရဲ့ဝါဒဖြန့်ချိရေး၊ ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင်ပြုလုပ်ရေး၊ အနုပညာရှင်တွေ အပါအဝင် တပြည်လုံးကို စစ်ကျွန်ပြုရေး အစီအမံထဲက တစိတ်တပိုင်းဖြစ်တဲ့ သမိုင်းမှန်ကို ဖုံးဖိလိမ်ညာ မှိုင်းတိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားမှာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးစိတ်ဝင်စားသူများက စတင်လှုံ့ဆော်ခဲ့ကြပြီး အဲဒီရုပ်ရှင်မှာ ပါဝင်ပတ်သက်ခဲ့ကြသူတချို့နဲ့ အင်္ဂလန်မှာ ပြုလုပ်၊ ရုံသွင်းခဲ့တဲ့ ပွဲတွေကို ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြ ကန့်ကွက်မှုတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားစတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတဲ့ တိုင်းပြည်တွေက မြန်မာ့အရေးစိတ်ဝင်စားသူများအကြား ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တခု ဖြစ်လာခဲ့ပါတယ်။

(၂) ပြည်ပရောက်မြန်မာတွေဟာ တကိုယ်ကောင်းဆန်လို့သာ ပြည်ပကို ရောက်လာကြတာ၊ တကယ်တမ်း သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး စစ်အစိုးရကို ချကြပါလားလို့ တဖက်သတ်ပြောဆိုနေကြတဲ့အသံတွေလည်း ကြားနေရပါတယ်။


ပြည်ပကနေပြီး မြန်မာပြည်အပြောင်းအလဲအတွက် ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆိုတာ အပြည့်အဝ မမှန်ပါဘူး။ ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန် တွေနဲ့ ဆိုင်ပါတယ်။ ပြည်ပကမြန်မာတွေ ညီညီညွတ်ညွတ်နဲ့ ထိထိရောက်ရောက် လုပ်နိုင်တဲ့ကိစ္စတွေ ရှိပါတယ်။ လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာပါ။

သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး ချကြပါလားလို့ ငါ့စကားနွားရ ပြောတာမျိုးကတော့ ကလေးကလားဆန်လွန်း လှပါတယ်။ မိမိကိုယ်တိုင်က မဟုတ်တာ မမှန်တာ မလုပ်ဘူး၊ ဟုတ်တာမှန်တာပဲ လုပ်မယ်။ မဟုတ်တာ မမှန်တာတွေ ဖြစ်နေ လုပ်နေတာကိုလည်း လက်မခံဘူး။ လက်မခံရုံတင်မက လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုကန့်ကွက်ဖို့ ဝန်မလေးတဲ့သူတွေ အနေနဲ့ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် နေရာဒေသမရွေး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။

(၃) စစ်အစိုးရရဲ့ ဝါဒဖြန့်ကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတွေကို စာနာပေး၊ နားလည်ပေးလိုသူတွေက “ပြည်တွင်းမှာ ဘယ်သူမဆို စစ်အစိုးရခိုင်းတာ လုပ်ရမှာပဲ။ တခြားနည်းလမ်း မရှိပါဘူး။ အဲဒါကို နားလည်ပေးဖို့ လိုတယ်” လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ အမျိုးမျိုးအဖုံဖုံသော ဝါဒဖြန့်ချိရေးလုပ်ငန်းဆောင်တာတွေမှာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့ အနုပညာရှင်ပေါင်းများစွာကို မြူဆွယ် ဖျားယောင်း၊ အကျပ်ကိုင် ခြိမ်းခြောက်တဲ့နည်းပေါင်းစုံ သုံးပြီး သူတို့အာဏာ တည်မြဲရေးအတွက် တချိန်လုံး အသုံးချခဲ့ကြပါတယ်။

ပြည်တွင်း၊ ပြည်ပရှိပြည်သူတွေအနေနဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးတေးသီချင်း တွေ၊ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေ၊ အငြိမ့်တွေကို မနှစ်မြို့ပေမယ့် အဲဒါတွေကို သီဆို၊ ဖန်တီး၊ သရုပ်ဆောင်ကြသူများကို အတိုင်းအတာတခုအထိ နားလည်ခွင့်လွှတ်ပေးခဲ့ကြပါတယ်။ ကာလများစွာ၊ နှစ်များစွာ နားလည် ခွင့်လွှတ် ပေးခဲ့ကြတာပါ။

အခုအချိန်မှာ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ဇာတ်ကား “အာရုံဦးမှာ ဖူးသည့်ကြာ” ကတော့ အဲဒီ နားလည် ခွင့်လွှတ်သည်းခံမှုတွေ အဆုံးစွန် ရောက်သွားအောင် မြန်မာနိုင်ငံရဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖြစ်စဉ်တွေအားလုံးကို သိမ်းကျုံးစော်ကားလိုက်ပါတယ်။

ဦးသန့်အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်း၊ အလုပ်သမားအရေးအခင်းတွေနဲ့ တနိုင်ငံလုံး ညီညွတ်စွာ အာဏာရှင်ကို ဆန့်ကျင် အံတုခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံတွေဟာ ကျပ်မပြည့်တဲ့ အခွင့်အရေးသမားတွေရဲ့ ဆူပူဆန့်ကျင်မှုတွေလို့ စော်ကားပျက်ရယ်ပြုခဲ့သလို အဲဒီဇာတ်ကားဟာ သမိုင်းဖြစ်ရပ်မှန် ဖြစ်တယ်လို့ ဝါဒဖြန့်ချိခဲ့ကြပါတယ်။

ဒီဇာတ်ကားကြောင့် ပြည်ပရှိ မြန်မာပြည်အရေးစိတ်ဝင်စားသူတချို့ရဲ့ မခံမရပ်နိုင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ရသလို ရပ်တည်ရေးကိုအကြောင်း ပြပြီး အာဏာရှင်အလိုကျ လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေကြတဲ့ အနုပညာရှင်ဆိုသူများအပေါ် နားလည် သည်းခံ ခွင့်လွှတ်မှုတွေဟာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

(၄) ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အနုပညာရှင်ဆိုသူများအပေါ် ကာကွယ်လိုသူ တချို့ရဲ့ တဖက်စောင်းနင်း ဇာတ်နာအောင် ပြောဆိုမှုများလည်း ထွက်ပေါ်ခဲ့ပါတယ်။

ငယ်ရွယ်နုနယ်တဲ့ မိန်းကလေး အဆိုတော် အမျိုးသမီးလေးကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြကြတဲ့ ယောက်ျားသားတွေက အင်အားသုံးပြီး ဝိုင်းဝန်း ရိုက်နှက် ထိုးကြိတ်ကြတော့မယောင် လုပ်ကြံဖန်တီးပြီး တကယ့် အနှစ်သာရဖြစ်တဲ့ သမိုင်းဖြစ်ရပ်မှန်များကို စော်ကားလိမ်ညာရန် လက်ကိုင်တုတ် အနုပညာသည်များ အသုံးချခြင်းကို ဆန့်ကျင်တဲ့ဦးတည်ချက် ပျောက်ပျက်သွားအောင်၊ ပုဂ္ဂိုလ်ရေး မုန်းတီးလို့ပဲ ထိုးနှက် တိုက်ခိုက်သယောင် ရည်ရွယ်ပြောဆို နေကြပါတယ်။

တကယ်တမ်းတော့ အာဏာရှင်ရဲ့လက်ကိုင်တုတ်အဖြစ် အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ပါဝင်ပတ်သက် အသုံးတော်ခံနေကြသူများ၊ ဆက်လက်ပြီး လက်ကိုင်တုတ်အဖြစ် ပါဝင်ပတ်သက် အသုံးတော်ခံကြဦးမယ့်သူများကို ငြိမ်းချမ်းစွာ ဆန္ဒပြသူများက သတိပေးနေတာပဲဖြစ်ပါတယ်။

ပြည်သူတွေကို လေးစားပါ။ ပြည်သူချစ်တဲ့အနုပညာရှင်တွေကို ရှက်ပါ။ နိုင်ငံသမိုင်း မိမိသမိုင်းကို တန်ဖိုးထားပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်ကောင်းစားရေးအတွက် အသက်တွေ ဘဝတွေကို စတေးခဲ့ကြ သူများကို အမှတ်ရပါ။ မိမိရပ်တည်ရေး ကွက်ကွက်သာ အာရုံစိုက် မနေဘဲ ဉာဏ်ပညာနဲ့ပိုင်းခြားပြီး လုပ်သင့်တာ မလုပ်သင့်တာတွေကို ရှေ့လျှောက် ဆင်ခြင်သွားကြပါလို့ ပြည်တွင်းက ပြည်သူများကိုယ်စား အာဏာရှင်ရဲ့ လက်ကိုင်တုတ် အဖြစ်ခံခဲ့တဲ့ အနုပညာရှင်ဆိုသူများကို လေးလေးနက်နက် သတိပေးနေခြင်းသာ ဖြစ်ပါတယ်။

မိုးမခ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments: