Friday, October 8, 2010

စစ်အစိုးရဝါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီ




(Burmese Protesters against Burmese's Stage Show in SF on 25th Sept 2010)

ယမန်နေ့ညနေခင်းရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှုပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့် အတွက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။


နောက်ဆုံး အောက်တိုဘာ ၇ ရက်တွင် ၎င်းအဖွဲ့ကို ဗီဇာအာမခံပေးခဲ့သူ ဘုန်းတော်ကြီးကိုယ်တော်တိုင်က မေတ္တာရပ်ခံ၍ မရသည့် အဆုံး ရှေ့နေများနှင့်တိုင်ပင်ပြီး အာမခံမှုကို တရားဝင် ရုတ်သိမ်းကြောင်း အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့ရသည်။

“ဒီနေ့မနက်ကတည်းက မေရီလင်းပြည်နယ်က အောက်လွှတ်တော်အမတ် Chris Van Hollen၊ အထက်လွှတ်တော်အမတ် Charles Schumer တို့ကိုယ်တိုင်က ကျနော်တို့ကို ခေါ်ယူပြီး မေးမြန်းစုံစမ်းတယ်။ ကျနော်တို့ကလည်း ဒီဂီတဖျော်ဖြေပွဲနဲ့ အမေရိကန် မြန်မာကွန်မြူနီတီရဲ့ပဋိပက္ခတွေ၊ အချင်းချင်း အငြင်းပွားမှုတွေ ဖြစ်ရတာကို ပြောပြတာပေါ့နော်။ နောက်ဆုံး ဝါရှင်တန်ဒီစီမက်ထရိုက မြန်မာတွေရဲ့ သဘောထား၊ ဗီဇာကို စပွန်ဆာ ပေးခဲ့တဲ့ ဆရာတော်ရဲ့ သဘောထားတွေကိုပါ ရှင်းပြတယ်။

အဲဒီနောက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပြောဆို ကြတာတွေအပြီးမှာ သူတို့အားလုံးကို အမေရိကန်အစိုးရက တရားဝင် ထုတ်ပေးထားတဲ့ P1 visa ပေါ့နော်၊ ဖျော်ဖြေရေးပြည်ဝင်ခွင့်ကို ဒီကနေ့မှာပဲ ရုတ်သိမ်းလိုက်ပြီဆိုပြီး အရေးယူလိုက်တယ် လို့ ကျနော့်ကို အကြောင်းကြားလိုက်ပါတယ်” ဟု ယခုအရေးအခင်းတွင် မြန်မာမိသားစု အသိုင်းအဝန်းများနှင့်အတူ ပါဝင်ဆောင်ရွက်နေသည့် ကိုညီညီအောင် က မိုးမခကို ပြောပြသည်။

ထိုသို့ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့်ကို ရုတ်သိမ်းလိုက်သည့်အတွက် ၎င်းတို့အားလုံးသည် တရားမဝင် ဧည့်သည်များဖြစ်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ၎င်းတို့သည် တိုင်းပြည်မှ ချက်ခြင်း ထွက်ခွာကြရမည် ဖြစ်သည်။ မထွက်ခွာမီ ၎င်းတို့ရောက်ရှိရာတွင် ဒေသခံပြည်သူတို့က လက်မခံကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာတို့က ထိန်းသိမ်းပြီး မူလနိုင်ငံသို့ ထွက်ခွာစေရန် ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ထိုကဲ့သို့ အရေးယူခံရသူများကို နောင်တွင် အမေရိကန်ပြည်ဝင်ခွင့် ကိုလည်း အချိန်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ လက်ခံရရှိတဲ့ စာတွေအရ သူတို့အနေနဲ့ ဇူလိုင် ၁၂ ရက်စွဲနဲ့ ခွင့်ပြုထားတဲ့ ဧည့်ဗီဇာကို အာမခံ လျှောက်ပေးခဲ့တဲ့အဖွဲ့က အောက်တိုဘာ ၈ ရက်နေ့စွဲနဲ့ ရုတ်သိမ်းကြောင်း တောင်းဆိုလာတဲ့အတွက် ဥပဒေနဲ့အညီ ထိုဧည့်ဗီဇာတွေကို ရုတ်သိမ်းလိုက်တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

နာမည်စာရင်းတွေအရ - စိုးမိုး၊ မင်းမော်ကွန်း၊ ရဲလေး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ဝိုင်းစုခိုင်သိန်း၊ အယ်လ်ဆိုင်းဇီ၊ ရေဘက္ကဝင်း - အားလုံးပေါင်း ၁၀ ဦးစလုံးကို ဗီဇာရုတ်သိမ်းတယ်လို့ ရေးထားတယ်။ နာမည်ရင်းတွေနဲ့ ရေးထားတာကို ဖတ်ပြရရင် - Wyaw Min, Ye Tuk Min, D Myaing, May H Mu, Wyine Thein စတာတွေ ဖြစ်ပါတယ်။ ပြန်သွားပြီးသား လူတွေကိုကောပါ ဗီဇာရုတ်သိမ်းပြီး အရေးယူတဲ့ သဘောပေါ့နော်။ အမေရိကန်အစိုးရအနေနဲ့ အခုလိုမျိုး မြန်မာ အမေရိကန်ပြည်သူတွေ ကိုယ်တိုင် အများစုက လက်မခံတဲ့ကိစ္စကို အစိုးရကိုယ်တိုင်လည်း လက်မခံဘူးဆိုတာကို ပြသတဲ့ သဘောပါပဲ” ဟု ကိုညီညီအောင်က ဖြစ်စဉ်ကို ပြောပြသည်။

ထိုသတင်းကို ကြားသိရသည့် ဆန်ဖရန်ဘေးဧရိယာနေ၊ အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ) ၏ တာဝန်ခံတဦး ဖြစ်သူ ကိုတိုးလွင်က ၎င်း၏ သဘောထားကို ပြောကြားရာတွင် -

“ဒီခရီးစဉ် စတင်ကတည်းက ကျနော်တို့ မြန်မာကွန်မြူနီတီအတွင်းမှာ အချင်းချင်း ပြောဆိုဆွေးနွေးကြတာတွေ အကြိမ်ကြိမ်ရှိခဲ့တယ်။ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ကန့်ကွက် ဆန္ဒပြရတာတွေကို လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ မည်သူကိုမှ နစ်နာအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မရှိပါဘူး။ အမေရိကန်မြန်မာတွေရဲ့သဘောထား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ဒါတွေကို ဥပဒေနဲ့အညီ စနစ်တကျ ရင်ဆိုင် တင်ပြနိုင်ခဲ့လို့ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့လို့ ပြီးတော့ စစ်အစိုးရကို နိုင်ငံရေးအရ ပိတ်ဆို့ အရေးယူထားတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒ ရပ်တည်ချက်တွေကြောင့် အခုလိုမျိုး အဖြေထွက်ပေါ်လာရတယ် လို့ ပြောချင်ပါတယ်” ဟု ပြောဆိုလိုက်သည်။


(Burmese Protest Poster at LA on 12th Sept 2010)

မြန်မာစစ်အစိုးရသည် ၁၉၈၈ တွင် တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပြီးသည့်အချိန်မှစတင်ပြီး မြန်မာပြည်တွင်းတွင် စာပေ စာနယ်ဇင်း ရုပ်ရှင် သဘင် ဂီတ မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်အပြင် ၎င်းတို့၏ စစ်အာဏာရှင်ဝါဒဖြန့်ချိရေးအတွက် မီဒီယာကို ဘက်ပေါင်းစုံတွင် အသုံးချခဲ့သည်။

စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့် အနုပညာရှင်များကို မြန်မာပြည်တွင်းရှိ ပြည်သူများက အတိအလင်း ကန့်ကွက်ခြင်း မပြုနိုင်ခဲ့သော်လည်း ကျောင်းသား အရေးအခင်းများဖြစ်ပွားတိုင်း ကျောင်းသားများက ၎င်းအနုပညာရှင်များကို ထုတ်ဖော်ဝေဖန်ခဲ့ကြသည်များ ဖြစ်ပွားခဲ့သည်။

နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီး ပြည်ပတွင် မြန်မာပြည်သူအများအပြား ရွှေ့ပြောင်းနေထိုင်လာကြရာ ယခုအချိန်တွင် စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများ မြန်မာပြည်ပတွင် ပထမဦးဆုံးအကြိမ် အတိအလင်း ဖြစ်ပွားခြင်းဖြစ်သည်။

ယခု ၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရ၏ တဖက်သတ် စိတ်တိုင်းကျ ချယ်လှယ်ထားသည့်အတွက် အတိုက်အခံနိုင်ငံရေး အင်အားစုများက ဆန့်ကျင်သပိတ်မှောက်ထားသော ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက် နေချိန်တွင် အမေရိကန်ရှိ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအဝိုင်းများက စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်မှုများကို လက်မခံကြောင်း၊ ထိုအပြုအမူများကို အားပေးကူညီဆောင်ရွက်သည့် အနုပညာရှင်များကိုလည်း ဆန့်ကျင်ရှုတ်ချကြောင်း လှုပ်ရှားမှုတခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အခုလိုမျိုး အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ သဘောထားကို တယောက်တလက်၊ ကိုယ်ထူကိုယ်ထ ပြသနိုင်တဲ့အတွက်ကော၊ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ ကိုယ်တိုင်ကလည်း တရားသဖြင့် ရပ်တည်ပေးကြတဲ့အတွက်ကော၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကိုယ်တိုင်က ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးတဲ့အတွက် အများကြီး ဝမ်းသာပါတယ်” ဟု သတင်းကြားသိရသည့် အယ်လ်အေ မြန်မာကွန်မြူနီတီက ကိုကျော်က မိုးမခသို့ ပြောကြားသည်။

မိုးမခ မှ ပြန်လည် ကူးယူဖော်ပြပါတယ်။

No comments: