သူရိယာသည်
ဘူမိကမ္ဗလာတွင်
အတာသဘင်ကိုချစ်ခြင်းဖြင့်
အလင်းကို စေခဲ့၏။
ယမန်တနေ့ကား
သင်္ကြန်ဓလေ့ကို ကြိုပုံထူး
တန်ခူးမည်မှတ်
လောကဓာတ်ဖွေးဖွေး
နှင်းထွေးထွေးမှာ
ဘယ်တေးကို ဆိုရပါတုံ။
နှင်းတွေဖုံးလွှမ်းတဲ့
ရော့ကီးတောင်တန်း တည်ရာမှာ
ပြည်မြန်မာနှစ်အကူးက
မက်မူးစရာ့ ပိတောက်မြေ
ဘယ်ဖွေလို့လည်းမရှိ
ကြည့်လေရာ ကွင်းအလုံး
နှင်းတရုန်းရုန်းနဲ့
သီတင်းသုံးတဲ့ အတာ။
သင်္ကြန်တေး သင်္ကြန်အကနဲ့
သင်္ကြန်ကျတဲ့ သည်နယ်
ဘယ်ကြမ္မာနှိပ်စက်လို့
အိပ်မက်နဲ့ဖွဲ့စည်းတဲ့
ခရီးရှည်ကိုလျှောက်ပါလိမ့်
ပန်းပိတောက်တွေ မဝေ
အခုတော့လည်း
နှင်းမှောက်တဲ့နွေပါကွယ်။
လတန်ခူးကို
အလှထူးစေ ဆင်ယင်လို့မို့
ပင်လုံးညွှတ်ခိုင်ရွှေဝါ
မြေအလွှာကိုခင်း
ပိတောက်သင်းတဲ့ဌာနေ
ဇာတိချက်ကြွေ
ပိတောက်ရေ
ငါ့မြေထံ
အမြန် ပြန်ခေါ်ပါလှည့်။
နှင်းနဲ့နွေ
ဘယ်အခြေနဲ့မှ မစပ်ဟပ်
တောအရပ်တောင်အရပ်
တံလျှပ်တွေပွက်ပွက်ဝေ
ရွက်ကြွေတော တရံခါလည်း
ဒဏ်ရာတွေမတိတ်
တရိပ်တရိပ်ဝေးလွင့်ခဲ့သည်ကော။
ပုစဉ်းရင်ကွဲသံ
တောလုံးညံတဲ့
သံလွင်ရဲ့မြိုင်စောင်းကို
ပြန်ပြောင်းသိမ်းပိုက်
တိုက်ခိုက်လုယူမှဖြစ်ချေမယ်။
ပိတောက်ခင်းတဲ့
ပိတောက်သင်းတဲ့
နှင်းပျောက်တဲ့သင်္ကြန်
တံလျှပ်တွေနဲ့နွေ
ရွက်ကြွေတော မြေယာမှာ
အတာရေ လောင်းခွင့်ကား
တောင်းယူလို့မရစရာ
နှစ်တို့အလီလီပြောင်းပါဘိ။
အတာနှစ်သစ်
ယခုလှစ်၍
အညစ်ကြေးကင်းကွာ
ကျန်းမာပါစ တိုင်းပြည်။
ဂူရီး
ဒင်းဗား
No comments:
Post a Comment