Monday, April 30, 2012

အော်ရီဂွန်ပြည်နယ် ပေါ့လန်း သင်္ကြန်

 
အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၂၈ ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတ အကအလှ၊ ရိုးရာသံချပ် စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။


ပေါ့လန်းမြို့ မြန်မာမိသားစုများရဲ့ ရိုးရာသင်္ကြန်ပွဲတော်ကို နံနက် ၁၁ နာရီတွင် သက်ကြီးပူဇော်ပွဲဖြင့် စတင်ကျင်းပခဲ့ကြပြီး တက်ရောက်လာသည့် ဘိုးဘွားများမှ ပြည်လည်ကျေးဇူးတင် မေတ္တာပို့သခဲ့ကြပါတယ်။ ပေါ့လန်းမြို့ မျိုးဆက်သစ်လူငယ်များမှ ရိုးရာနှင့် ခေတ်ပေါ်အက တေးသီချင်းများဖြင့် ပျော်ရွှင်စွာဧည့်ခံခဲ့ကြပြီး

ပေါ့လန်းမယ်၊ ပေါ့လန်းမောင်သံချပ်အဖွဲ့များနှင့်အတူ စီရယ်တဲလ်မြို့မှ မြန်မာ့ဒီမိုကရေစီအင်အားစုများမှလည်း မြန်မာ့ခေတ်စံနစ်ကို ထင်ဟတ်စေသော ရိုးရာသံချပ်များဖြင့် အစည်အလာမပျက် တင်ဆက်ခဲ့ကြပါတယ်။

 
 
ကရင်တိုင်းရင်းသားများမှလည်း ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်သွားခဲ့ကြပါတယ်။

 
 
တက်ရောက်လာသူ ပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် အမေရိကန်မိတ်ဆွေများအား မြန်မာ့ရိုးရာ အစားသောက်စုံလင်စွာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
 
သင်္ကြန်ပွဲတော်သို့ လူဦးရေ ၅၀၀ ခန့်တက်ရောက်အားပေးခဲ့ကြပြီး ပြည်သူ့ဂုဏ်အသင်း အော်ရီဂွန်ဌာနခွဲမှ မိတ်ဆွေများမှလည်း မြန်မာ့ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်း၊ ရံပုံငွေ ပန်းကုံးများရောင်းချခြင်းနှင့် အော်ရီဂွန် မြန်မာမျိုးဆက်သစ်လူငယ်များရဲ့ ရံပုံငွေတီရှပ်များကို တက်ရောက်လာသူများမှ အားပေးဝယ်ယူခဲ့ကြပါတယ်။

နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ညနေ ၆ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ (ကိုထွန်းထွန်း - ပေါ့လန်း)


No comments: