Sunday, July 25, 2010

ကော်လိုရာဒိုပြည်နယ်က လှေပြိုင်ပွဲ





၁၀ ကြိမ်မြောက် ကျင်းပတဲ့ Colorado Dragon Boat Festival ကို ကော်လိုရာဒိုပြည်နယ်ရဲ့ မြို့တော် ဒင်းဗားမှာ ဇူလိုင်လ ၂၄ နဲ့ ၂၅ ရက်နေ့က Sloan’s Lake ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။


လှေပြိုင်ပွဲကျင်းပတဲ့ ကန်



အခုလို ဗုံကြီးကို တီး ညာသံပေးပြီး ...





ပြိုင်ပွဲဝင်ကြပါတယ်။

ရိုးရာ အဆို၊ အက၊ အတီး တွေအပြင် လူငယ်တွေအတွက်လည်း ဒါမျိုးတွေ စီစဉ်ပေးထားပါတယ်။

ဒီပွဲတော်ကို AAPI လို့ခေါ်တဲ့ Asian American Pacific Islander community of Colorado က ကြီးမှူးကျင်းပတာ ဖြစ်ပြီး ထိုင်ဝမ်ပုံစံနဲ့ ပြုလုပ်ထားတဲ့ လောင်းလှေတွေကို ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။


သွားတာနောက်ကျလို့ မကြည့်လိုက်ရ။

ဒါ့အပြင် အဲဒီပွဲတော်မှာ အာရှ ရိုးရာ ယဉ်ကျေးမှု အဆိုအကများ၊ သရုပ်ဖော်အကများနဲ့ ဖျော်ဖြေတင်ဆက်ကြပြီး အာရှ အစားအစာများ၊ အာရှရိုးရာပစ္စည်းများလည်း ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။



စားသောက်ဆိုင်တွေနဲ့ ငွေထုတ်တဲ့စက်တွေကတော့ ပွဲခင်းရဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတယ်။

အဲဒီပွဲတော်မှာ မြန်မာနိုင်ငံသားများ ဝင်ရောက်ယှဉ်ပြိုင်တာ မတွေ့ရပေမယ့် နယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်များကို ကူညီဖို့ဆိုပြီး အလှူခံငွေ လိုက်လံကောက်ခံတာကိုတော့ တွေ့ခဲ့ရပါတယ်။ မြို့ကြီး ၅ မြို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ထားပြီး နယ်စပ်ဒုက္ခသည်စခန်းများက ကလေးငယ်များကို အကူအညီပေးနေပါတယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

ပွဲခင်းထဲမှာတွေ့ခဲ့ရတဲ့ ကရင်တိုင်းရင်းသား မိသားစု

အခုကျင်းပနေတဲ့ လှေပြိုင်ပွဲဟာ Ding-Wen Hus ၊ John Chin နဲ့ Howie Solow ဆိုတဲ့ ပုဂ္ဂိုလ် ၃ ဦးက ၁၉၉၀ ခုနှစ်မှာ စတင်အကြံရခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အကောင်ထည်ဖော် ကျင်းပခဲ့တာလို့ ဆိုပါတယ်။





ဒါမျိုးလည်း နစ်တတ်တော့ ...




သူတို့အတွက် သတင်းပေါ့။

စတင်ကျင်းပခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာ လှေပြိုင်ပွဲဝင် အသင်း ၁၆ သင်းသာရှိခဲ့ပြီး နောက်တနှစ်မှာတော့ ၃၂ သင်းအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ တနှစ်ထက်တနှစ် ပိုမိုစည်ကားလာပြီးတော့ ၂၀၀၆ ခုနှစ်ကစပြီး အခုနောက်ဆုံး ကျင်းပတဲ့ပွဲတွေမှာတော့ အကြီးတန်း ၄၈ သင်းနဲ့ အငယ်တန်း ၈ သင်းအထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။
အမှိုက်တွေကို စနစ်တကျနဲ့ သိမ်းဆည်း စွန့်ပစ်တာကတော့ အတုယူစရာပါ။





လူဦးရေ သိန်းနဲ့ချီပြီး လာရောက်တဲ့ အဲဒီပွဲတော်ကို နှစ်စဉ် ဇူလိုင်လထဲမှာ ကျင်းပလေ့ရှိပြီး ပိုမိုသိရှိလိုရင်တော့ www.cdba.org မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

No comments: