

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ရတဲ့ ဆရာတော် ဦးပညာဇောတ၏ တရားပွဲကို ကော်လိုရာဒိုပြည်နယ် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက် စနေနေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဆရာတော်ဟာ အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ ရွှေဝါရောင်သံဃာများ သတင်းသုံးနေထိုင်နိုင်ရန် ကျောင်းတဆောင် ဖြစ်မြောက်ရေးအတွက် အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်များသို့လှည့်လည်ပြီး တရားပွဲများကျင်းပကာ အလှူခံနေခြင်း ဖြစ်ပါတယ်။
“ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဦးဇင်း အပါအဝင် သံဃာတော် အပါး ၄၀ ဟာ စစ်အစိုးရရဲ့ လိုက်လံ ဖမ်းဆီးတာကို တိမ်းရှောင်ပြီး အမေရိကန်နိုင်ငံကို ရောက်ခဲ့ပါတယ်။ အဲဒီအထဲက သံဃာတော်အများစုဟာ သတင်းသုံးနေထိုင်ဖို့ အခက်အခဲတွေကြောင့် မလွှဲမရှောင်သာပဲ လူထွက်သွားရပြီး အခု သံဃာ ၇ ပါးပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ ရွှေဝါရောင် အရှင်သံဃာတော်များ သာသနာ့အကျိုး၊ လူမှုအကျိုး ဆက်လက်သယ်ပိုးနိုင်ဖို့ ကျောင်းအဆောက်အဦဟာ မရှိမဖြစ် လိုအပ်နေပါတယ်။ ဒါကြောင့် အခုလို့ နယ်လှည့်တရားပွဲတွေကျင်းပပြီး အလှူခံနေတာ ဖြစ်ပါတယ်” လို့ ဆရာတော် ဦးပညာဇောတ က မိန့်ကြားပါတယ်။



အမေရိကရှိ အချို့မြို့များတွင် ဘုန်းတော်ကြီးကျောင်း မရှိသေးတဲ့အတွက် ဘုန်းတော်ကြီးများဟာ မိမိတို့ သတင်းသုံးရာ နေရာဒေအသီးသီးမှာ ဘုန်းတော်ကြီးကျောင်းများ ပေါ်ပေါက်လာနိုင်စေရေးအတွက် ဒကာ ဒကာမများနှင့်အတူ အသိမိတ်ဆွေများရှိရာ အခြားပြည်နယ်များသို့ လှည့်လည် အလှူခံလေ့ရှိကြပါတယ်။
“အလှူခံဖြတ်ပိုင်းစာအုပ်ကလေးနဲ့ ကျောင်းဆောက်ဖို့ဆိုပြီး အလှူလာခံတာနဲ့စာရင် အခုလို ဒကာ ဒကာမတွေကို တရားဓမ္မတွေဟောကြားပြီး အလှူခံတာက ပိုပြီးတော့ လှူချင် တန်းချင်တာပေါ့။ လှူရတာ ပိုပြီး အဓိပ္ပာယ်ရှိသလိုပဲ” ဟု တရားပွဲသို့လာရောက်တဲ့ အလှူရှင်တဦးက ပြောပါတယ်။

ဆရာတော် ဦးပညာဇောတဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် တကြိမ်၊ ၁၉၉၈ ခုနှစ်တွင် တကြိမ် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်များကျခံခဲ့ဖူးကာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကိုအဖွဲ့ကြီးကို ဖွဲ့စည်းပြီး မေတ္တာပို့ဆုတောင်းပွဲများ ပြုလုပ်ခဲ့သောကြောင့် ၂၀၀၉ ခုနှစ်တွင် နအဖ စစ်အစိုးရက မျက်ကွယ်ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားသူလည်းဖြစ်သည်။
ဆရာတော်သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ယူတီကာမြို့ရောက်ရှိလာပြီး သံဃာတော် ၄ ပါးနှင့်အတူ သတင်းသုံးနေထိုင်လျှက်ရှိပါတယ်။
No comments:
Post a Comment