Thursday, January 15, 2009

အမေရိကန် သန်းခေါင်စာရင်းအတွက် မြန်မာများစည်းဝေး


အမေရိကန် သန်းခေါင်စာရင်းအတွက် မြန်မာများ စည်းဝေး

မိုးမခ ရေဒီယို

ဇန်နဝါရီ ၁၅ ရက် ၂၀၀၉ ခုနှစ်


၂ဝ၁ဝ အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်းကောက်ယူရေး (US Census 2010) အတွက် San Francisco Bay Area (Northern California) ရောက် မြန်မာမိသားစုအဖွဲ့အစည်းများ စုံညီတက်ရောက်သော အစည်းအဝေးတစ်ရပ်ကို ဒေလီစီးတီးမြို့၊ Seramonte ရှိ ထေရဝါဒဓမ္မအသင်း၏ ခန်းမ၌ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့သည်။


၎င်းအစည်းအဝေးသို့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြစ်သော အဖွဲ့အစည်းပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ်များ၊ ဒေသခံ အမေရိကန် သန်းခေါင်စာရင်းဌာန အရာရှိများဖြစ်သည့် Elaine Lia Bolden နှင့် Ratha လာအို လူမှုအဖွဲ့ခေါင်းဆောင် ၂ ဦး အပါအဝင် စိတ်ဝင်စားသူ စုစုပေါင်း ၆ဝ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဤအစည်းအဝေးသည် ထိုဒေသရောက် မြန်မာများ၏ ၂ဝ၁ဝ အမေရိကန် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ဆွေးနွေးသော တတိယမြောက် အစည်းအဝေးဖြစ်သည်။


အစည်းအဝေးတွင် သန်းခေါင်စာရင်းဌာနအရာရှိ Elaine Lia Bolden က သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းပြခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့သည်။


အဆိုပါ ဆွေးနွေးချက်များအရ အမေရိကန်အစိုးရက မြန်မာပြည်မှရောက်လာသောသူအားလုံးအား Burmese ဟုသာ သတ်မှတ်ထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ၂ဝ၁ဝ သန်းခေါင်စာရင်းပုံစံများ စာတိုက်မှရောက်ရှိ လာသောအခါတွင် ဖြည့်စွက်ရမည့်နေရာ၌ Other Asian ကို ရွေးခြစ်ပြီး ၎င်းခေါင်းစဉ်အောက်၌ Burmese ဟု သီးသန့် ရေးဖြည့်ရန်လိုကြောင်း သိရှိရပါသည်။ လာအို လူမှုအဖွဲ့ခေါင်းဆောင် ၂ ဦးကလည်း သန်းခေါင်စာရင်း တွင် ခေါင်းစဉ်တခုတည်း၌ လူဦးရေ အရေအတွက်များပြားမှသာ အကျိုးရှိကြောင်း ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြခဲ့သည်။


အစည်းအဝေးအပြီးတွင် အသင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော (2010 US Census Committee for People of Burma) ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းကော်မတီသည် အမေရိကန် သန်းခေါင်စာရင်းဌာနနှင့် နီးနီးကပ်ကပ် ပူးပေါင်းကာ မြန်မာလူမျိုးများအရေအတွက် မှန်မှန်ကန်ကန် ပေါ်ထွက်လာရေးအတွက် အခြားသော အရပ်ဒေသရှိ မြန်မာအဖွဲ့အစည်းများနှင့်ပါ ဆက်သွယ် ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်သည်။


၎င်းကော်မတီသို့ မည်သူမဆိုပါဝင်ဆောင်ရွက်နိုင်ပြီး ပါဝင်ဆောင်ရွက်လိုသူများနှင့် ၂ဝ၁ဝ သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ အားပေးလိုသူများ၊ သိရှိလိုသည်များ ရှိပါက http://www.usburmesecensus.net/ အင်တာနက်စာမျက်နှာသို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


ယခုအခါ အမေရိကန်ပြည်ထောင်စု အခြားဒေသအချို့ရှိ မြန်မာပြည်ဖွားများလည်း ၂ဝ၁ဝ အမေရိကန် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ရာ အခြားဒေသများရှိ အသင်းအဖွဲ့များ၊ တဦးချင်းစီများအနေဖြင့် မိမိတို့နီးစပ်ရာအချင်းချင်းစုပေါင်း၍ ဒေသဆိုင်ရာ သန်းခေါင်စာရင်းဌာနနှင့် ဆက်သွယ်ကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။


အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်ကြသော အတိုင်းအတာတခုအထိ အရေအတွက်များပြားသော လူနည်းစုများအတွက် သီးသန့်သတ်မှတ်ထားသော အခွင့်အလမ်းများရှိပါသည်။ ၎င်းအခွင့်အလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသောကြောင့်လည်းကောင်း၊ သတ်မှတ်လူဦးရေ အရေအတွက်ထိ မပြည့်မီသော ကြောင့်လည်းကောင်း၊ မြန်မာနွယ်ဖွားများ အားလုံးမှာ မိမိတို့ ရသင့်သော ၎င်းအခွင့်အလမ်းများ မရရှိနိုင် ဖြစ်နေကြပါသည်။ အကယ်၍ အမေရိကန် သန်းခေါင်စာရင်း၌ မိမိတို့မြန်မာနွယ်ဖွားများအရေအတွက် မှန်မှန်ကန်ကန်ရောက်ရှိသွားပါက မိမိတို့ရပိုင်ခွင့်များကို အခြား အခြားသော လူနည်းစုများနည်းတူ ရရှိနိုင်မည်ဖြစ်ပါသည်။


ယခုအခါတွင် မြန်မာပြည်မှ ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနွယ်ဖွားများမှာ သိသိသာသာ တိုးတက် များပြားလျက်ရှိပါသည်။ ရောက်ရှိနေထိုင်ကြသူအားလုံးကသာ မိမိတို့ရပိုင်ခွင့်ကို နားလည်၍ လုပ်သင့်သည် များကို အမှန်တကယ်လုပ်ကိုင်သွားမည်ဆိုပါက မကြာမီသောအချိန်ကာလအတွင်း မိမိတို့အတွက် မြန်မာဘာသာဖြင့် ယာဉ်မောင်းလိုင်စင် ဖြေခွင့်ရှိခြင်း၊ အများနှင့်သက်ဆိုင်သော နေရာများ၌ အင်္ဂလိပ်ဘာသာ အခက်အခဲရှိပါက မိမိတို့ဘာသာစကားဖြင့် စကားပြန် အကူအညီတောင်းဆိုနိုင်ခြင်း၊ သားသမီးများ ကျောင်းပညာရေးတွင် လူနည်းစုများအတွက် သီးသန့်ခွင့်ပြုထားသော အခွင့်အလမ်းများကို အသုံးပြုနိုင်ခြင်း၊ လူငယ်လူရွယ်များနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ပြုစုစောင့်ရှောက်မှုများကို တောင်းခံနိုင်ခြင်းစသော အခွင့်အလမ်းများကို ကောင်းစွာရရှိလာနိုင်မည်ဖြစ်ပါသည်။


ဇန်နဝါရီလ ၉ ရက်နေ့၊ မိုးမခ ရေဒီယိုအစီအစဉ်


No comments: