Monday, January 5, 2009

ဆရာတော် အရှင် ဦးဝိစက္ခဏ ၏ တရားပွဲကျင်းပ

ဆရာတော် အရှင် ဦးဝိစက္ခဏ၏ တရားပွဲ ကျင်းပ

ဇန်နဝါရီလ ၅ ရက် ၂၀၀၉ ခုနှစ်


ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ထေရဝါဒ သာသနရက္ခတ အဖွဲ့၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှ ဆရာတော် ဦးဝိစက္ခဏ ၏ တရားပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


ဓမ္မပါလ ကျောင်းတော်တွင် သတင်းသုံးတော်မူမည့်

ဆရာတော် ဦးစန္ဒိမာ (ဝဲဘက်) နှင့်

ကျောင်းတော်ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးခဲ့သည့်

ဆရာတော် ဦးဝိစက္ခဏ


“တိုင်းတပါးကို ရောက်နေပေမယ့်လည်း ကိုယ်တတ်နိုင်တဲ့ဖက်က သာသနာအရေး ဘာသာအရေးကို လုပ်သွားကြပါ။ ဘုန်းတော်ကြီးကျောင်းဆိုတဲ့အရာဟာ ဆိပ်ကမ်းတခုနဲ့ တူတယ်၊ ဘယ်ကိုသွားချင်သလဲ ဒီနေကပဲ ရွေးချယ်ရတာပါ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘုန်းတော်ကြီးကျောင်းဆိုတာဟာ အဘိုး အဘွားတွေ အတွက် တရားရိပ်သာတခုဖြစ်သလို ဘာသာခြား လူမျိုးတွေထဲမှာ ရောက်ရှိနေတဲ့ မျိုးဆက်သစ် သားတွေ သမီးတွေအတွက်လည်း မိမိ ဘာသာတရားကို သင်ကြားရာဌာန ကွန်မြူနတီစင်တာ တခုဖြစ်ပါတယ်” ဟု ဆရာတော် ဦးဝိစက္ခဏ က မိန့်ဆိုသည်။



ကော်လိုရာဒိုပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် မိသားစု ၄၀ ကျော် ရှိပြီး အဆိုပါ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအတွက် ကော်လိုရာဒိုပြည်နယ်ရောက် ဗုဒ္ဓဘာသာဝင် မိသားစုများက လပေါင်းများစွာ ကြိုးစားခဲ့ရခြင်းဖြစ်သည်။



“အခုလို ကျောင်းလေးတဆောင်ဖြစ်ဖို့ ကျနော်တို့ အများကြီး ကြိုးစားခဲ့ရပါတယ်။ ဒီနိုင်ငံမှာက ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတော်က အဆင်သင့် နေရာတိုင်းမှာရှိနေပေမယ့် ကျနော်တို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းတော်ကြီးကျောင်းတွေက ပြည်နယ်တိုင်းမှာ မရှိသလောက် နည်းပါတယ်။ အခုလည်း ကျနော်တို့ ဒီပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုအနည်းငယ်ရဲ့ သဒ္ဒါတရား ထက်သန်စွာ အလှူငွေတွေ လှူဒါန်းမှု၊ ကိုယ်ရော စိတ်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြလို့ ကျောင်းဆောင်လေး တဆောင်ဖြစ်မြောက်လာတဲ့အတွက် အများကြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒါ့အပြင် ထေရဝါဒ သာသနရက္ခိတအဖွဲ့။ အထူးသဖြင့် ကိုယ်အား ဉာဏ်အားရှိသရွေ့ ကြိုးစားပြီး သာသနာပြုပေးတော်မူတဲ့ ဆရာတော် ဦးဝိစက္ခဏ အပါအဝင် ဗုဒ္ဓသာဘာဝင် မိသားစုအားလုံးကို ကျေးဇူးတင်ရှိပါတယ်” ဟု ဘုန်းတော်ကြီး ကျောင်းဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် ကိုမောင်မောင်ဦး က ဆိုသည်။



တရားပွဲတော်သို့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား ၃၀ ကျော် လာရောက် တရားတော်နာကြားခဲ့ပြီး ဓမ္မပါလ ဟု အမည်သမုတ်ထားတော်မူသော အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ကော်လိုရာဒိုပြည်နယ်ရောက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ယခုလ ၁၀ ရက်နေ့တွင် ကျောင်းဖွင့်ပွဲ ကျင်းပမည်ဖြစ်ပြီး ရပ်နီး ရပ်ဝေးမှ ဗုဒ္ဓဘာသာဝင် မိသားစုများကိုလည်း ဖိတ်ကြားပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။


No comments: