ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ကရင်နီအမျိုးသားများစုပေါင်းပြီး ပထမအကြိမ် ကရင်နီအမျိုးသား နှစ်သစ်ကူး နှင့် ကေးထျိုးဘိုး (တံခွန်တိုင်) ပွဲတော်ကို ဧပြီလ ၂၅ ရက်၊ တနင်္ဂနွေနေ့က ဒန်ဗာမြို့၊ လောရီ ကွန်မြူနတီပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
ဧည့်ပရိတ်သတ် ၁၀၀ ကျော်တက်ရောက်တဲ့ အဲဒီပွဲတော်ကို မနက် ၁၀း၀၀ မှာ ကရင်နီအလံတော်နှင့် ကျဆုံးသွားတဲ့ ကရင်နီအာဇာနည်များကို အလေးပြုခြင်း၊ ကရင်နီအမျိုးသားသီချင်းကိုသီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ကရင်နီနှစ်သစ်ကူးနှင့် တံခွန်တိုင်ပွဲတော်အကြောင်းနဲ့ပတ်သက်ပြီး ဒီပွဲကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ဂျော့က …
“ကေးထျိုးဘိုး လို့ ကရင်နီလိုခေါ်တဲ့ တံခွန်တိုင်ကို ကရင်နီလူမျိုးတွေဟာ ရှေးအစဉ်အဆက်ကတည်းက သက်ဝင်ယုံကြည် ကိုးကွယ်လာတာ ဖြစ်ပါတယ်၊ ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဧပြီလထဲမှာ ကျင်းပပါတယ်။ ကျနော်တို့ရဲ့ ကျန်းမာရေး အတွက်၊ တောင်ယာစပါးတွေ ပေါကြွယ်ဖို့အတွက် ပူဇော်ပသကျင်းပတဲ့ ကရင်နီလူမျိုးတွေရဲ့ရိုးရာအစဉ်အလာတခု ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
အခြေအနေအမျိုးမျိုးကြောင့် အခြားတိုင်းပြည်တခုမှာရောက်နေပေမယ့် မိမိတို့ရဲ့ ရိုးရာ ဓလေ့ထုံးစံများကို မမေ့ပျောက်စေရန် အထူးသဖြင့် မျိုးဆက်သစ်များကိုရည်ရွယ်ပြီး အခုလို ကျင်းပရခြင်းဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ ဒါ့အပြင် ကရင်နီ စာပေ၊ ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုသင်တန်းကျောင်းတခု ဖြစ်မြောက်စေဖို့ စီစဉ်နေကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။
အဲဒီနောက် ကရင်နီရိုးရာ အဆိုအကများ၊ အစားအစားများဖြင့် ဖျော်ဖြေဧည့်ခံကြပြီး နေ့လည် ၁၂း၃၀ နာရီမှာ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment