Sunday, March 4, 2012

၆၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ချင်းမျိုးနွယ်စုများ စုပေါင်းကျင်းပ

 
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ချင်းမျိုးနွယ်စုများ စုပေါင်းပြီး ၆၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။

ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ (ကော်လိုရာဒိုပြည်နယ်) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဆလိုင်း ပေါလ်ရှိန်းဟာမှ ပွဲကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်များကို ရှင်းပြခဲ့ရာမှာတော့ “အဓိက ကျွန်တော်တို့ ချင်းလူမျိုးများဟာ ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် ကိုယ့်အမျိုးသားနေ့ကို အနှစ်သာရရှိရှိ ကျင်းပပြီး၊ လာမယ့် အနာဂတ် မျိုးဆက်သစ်တွေကလည်း ကိုယ့်အမျိုးသားနေ့ကို သိမှတ်ပြီး၊ ဆက်လက်ထိန်းသိမ်း ကျင်းပနိုင်ဖို့ ရည်ရွယ်ကြောင်း” ပြောဆိုပါတယ်။


ဒါ့အပြင် ၎င်းက ထူးခြားချက်တစ်ခုအနေဖြင့် အခြားဒေသများရှိ ချင်းလူမျိုးနွယ်စုများသည် ချင်းအမျိုးသားနေ့ကို အများအားဖြင့် မိမိတို့မျိုးနွယ်စုအလိုက်သာ ကျင်းပကြပေမယ့် ကော်လိုရာဒိုပြည်နယ်မှာတော့ မျိုးနွယ်စုအားလုံး စုပေါင်းပြီး စည်းစည်းလုံးလုံး ကျင်းပနိုင်ခဲ့ကြသည်မှာ ၃ နှစ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။

အခမ်းအနားမှာ ချင်းမျိုးနွယ်စု ဘာသာစကားများထဲမှ ချို၊ ဇိုမီး၊ လိုင်မီး တို့၏ မျိုးနွယ်စု ဘာသာစကားများဖြင့်လည်း မျိုးနွယ်စုအကြီးအကဲများမှ အားပေးစကားများ ပြောကြားခဲ့ကြပါတယ်။
ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးများရဲ့ ပထမဆုံးသော ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးဝမ္မသူးမောင်မှ ဦးဆောင်ပြီး ၁၉၂၈ ခုနှစ် ဖလမ်းမြို့မှာကျင်းပခဲ့တဲ့ ညီလာခံမှ ဖေဖေဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြတာ ဖြစ်ပေမယ့် မြန်မာပြည်တွင်းမှာတော့ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခွင့်မရဘဲ ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပြုခဲ့ပါတယ်။

 
 

အခမ်းအနားမှာ ချင်းရိုးရာ အကပဒေသာများ၊ ဂီတဖျော်ဖြေမှု အစီအစဉ်တွေနဲ့ တင်ဆက်ခဲ့ကြပြီး ချင်းရိုးရာ အစားအစာဖြစ်တဲ့ ‘ဆာဗူသီး’ ဖြင့် ဧည့်ခံကျွေးမွေးကာ ညနေပိုင်းမှာ အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။

အချက်အလက်နှင့် ဓာတ်ပုံတချို့ကို ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီ မှ ပေးပို့ပါတယ်။


 

No comments: