Tuesday, March 2, 2010

မြင်းမူတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ကြွရောက် အဖူးအမြှော်ခံ တရားဘာဝနာများ ချီးမြှင့်တော်မူမည်

သုတဗုဒ္ဓ မည်ရထင်ရှား မြတ်ဘုရား ဝတ်တွား ပူဇော်ကြပါကုန်

“ချစ်သားစုန္ဒ၊ ပရိယတ္တိဗဟုသုတ ကြွယ်ဝသော ပိဋကသုံးပုံ နှုတ်ငုံဆောင် ရဟန်းသည် သင်ချစ်သားတို့၏ တပည့် သာဝက မဟုတ် ‘သုတဗုဒ္ဓ’ ဘုရားမည်ပါပေ၏”

အထက်ပါ ဘုရားရှင်၏မိန့်မှာတော်မူချက်အရ ပိဋကသုံးပုံ နှုတ်ငုံဆောင် သာသနာ့အာဇာနည် ရွှေစင်တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ အရှင်သူမြတ်သည် “သုတဗုဒ္ဓ ဘုရားတဆူ” ဖြစ်တော်မူ၏။

ဤအရှင်မြတ်၏ နှလုံးအိမ်၌ ဓမ္မက္ခန္ဓပေါင်း ရှစ်သောင်းလေးထောင်တို့ ကိန်းဝပ်စံပယ်ကြသဖြင့် အမြင့်မြတ်ဆုံးသော တရားဘဏ္ဍာတိုက်ကြီးလည်း ဖြစ်တော်မူ၏။ ထို့ကြောင့် ဤအရှင်မြတ်အား လှူဒါန်းပူဇော်ခြင်းအားဖြင့် ရတနာသုံးပါးလုံးကို တပေါင်းတည်း ပူဇော်ရာရောက်ပေသည်။

“သုတဗုဒ္ဓ ဘုရားတဆူ” ဖြစ်တော်မူသော သာသနာ့အာဇာနည် ဘဒ္ဒန္တဝံသပါလာလင်္ကာရ အရှင်သူမြတ် ကြွရောက် အဖူးအမြှော်ခံလျက် တရားဘာဝနာများ ချီးမြှင့်တော်မူမည့်-

နေရာ

ဓမ္မပါလဘုန်းတော်ကြီးကျောင်း

1725 Elmira St, Aurora, CO, 80010

Phone: 303-343-3691

နေ့နှင့်အချိန်

မတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီ မှ

မတ်လ ၂ဝ ရက် စနေနေ့ ညနေ ၅ နာရီ အထိ။

တရားပွဲများ

စနေနေ့ နံက် ၈းဝဝနာရီ စတင်မည့်တရားပွဲတပွဲ နှင့်

နေ့လည် ၁းဝဝနာရီမှ စတင်မည့် တရားပွဲတပွဲ။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့ရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၏ ထေရုပတ္တိအကျဉ်း

ဖွားနှစ်ဒေသ ရပ်မိဘ

သာသနာ့အာဇာနည် ဖြစ်တော်မူသည့် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော် အရှင်မြတ်သည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခွက်ခွင်းရွာ၌ ခမည်းတော် ဦးကျော်၊ မယ်တော် ဒေါ်ကျင်မြိုင်တို့မှ ၁၃၂၇ ခု တန်ဆောင်မုန်းလဆန်း ၁ဝ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားသန့်စင်သော သားမြတ်ရတနာဖြစ်ပါသည်။

သာသနာစဝင် ရှင်ငယ်အသွင်

ဆရာတော်လောင်းလျာသည် ၁၃၃၈ ခု တပေါင်းလပြည့်နေ့တွင် မြင်းမူမြို့နယ် ခွက်ခွင်းရွာ အောင်မြေဘုမ္မိ ကျောင်းတိုက်၌ အောင်မြေဘုမ္မိ ‘ဆရာတော် ဘဒ္ဒန္တပဝရ’ ကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

သာသနာနန်း ခိုဝင်လှမ်း

သာသနာ့အာဇာနည်ဖြစ်တော်မူမည့် ရှင်သာမဏေ ဝံသပါလာလင်္ကာရကို ၁၃၄၆ ခုနှစ် တပေါင်းလပြည့်နေ့တွင် မန္တလေးမြို့ မှန်ကင်း ပဇ္ဇောတာရုံကျောင်းတိုက်၊ ခဏ္ဍသိမ်၌ မုံရွာမြို့ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမြို့ သူဌေးတန်းရပ် ကျောင်းဒကာကြီး ဦးဘိုမှီ၊ ကျောင်းအမကြီး သုဓမ္မသိင်္ဂီ ဒေါ်ရွှေညွန့် သား ကိုဌေးလွင် တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ကျေးဇူးကြီးမား ဆရာများ

မြင်းမူမြို့နယ် ခွက်ခွင်းရွာ အောင်မြေဘုမ္မိဆရာတော် ဘဒ္ဒန္တပဝရ၊ မုံရွာမြို့ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသနှင့် ဂဏဝါစက ဆရာတော်များ၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းရွာ သဒ္ဓမ္မဗောဓိဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ မန္တလေး စစ်ကိုင်း မြင်းမူ ပဇ္ဇောတာရုံကျောင်းတိုက်မှ နာယက ဆရာတော်များ၊ ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၊ မန္တလေးမြို့ ဗန်းမော်ကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဆဋ္ဌတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝါယာမန္ဒာဘိဝံသ စသော ဆရာတော်များထံ အာစရိယ မုဋ္ဌိ လက်ကိုင်မိအောင် ကျကျနနသင်ယူခဲ့ပါသည်။

ဘွဲ့တံဆိပ်ထူးများစွာ ဆွတ်ခူးကာ

ဆရာတော်သည် ပညာပါရမီ ထူးကဲသာလွန်သည့်အလျောက် အောက်ပါ အဆင့်အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များကို ထူးချွန်စွာရရှိတော်မူခဲ့ပါသည်။

၁။ ပရိယတ္တိသာသနာ လင်္ကာရ သာမဏေကျော် (သာမဏေဘဝ ၁၈ နှစ်သားအရွယ်၌ ဆက်ကပ်ခံရသောဘွဲ့)
၂။ သာသနဓဇဓမ္မာစရိယ (သာမဏေဘဝ ၁၈ နှစ်သားအရွယ်၌ ဆက်ကပ်ခံရသောဘွဲ့)
၃။ နိကာယုဇ္ဇေတက ဓမ္မဝိသာရဒ ဝိနယဓရ
၎။ နိကာယုဇ္ဇေတက အတ္ထဝိသာရဒ ဒီဃဘာဏက
၅။ နိကာယုဇ္ဇေတက ဓမ္မတ္ထဝိသာရဒ မူလအာဘိဓမ္မိက
၆။ နိကာယုဇ္ဇေတက မူလ အဘိဓမ္မ ဓမ္မာစရိယ
၇။ ပရိယတ္တိ သာသနဟိတဝိနယဓ
ဂ။ နိကာယဝုဍ္ဎိဝိနယကောဝိဒ
၉။ ဝိနည်းရှေ့ပိုင်းအာဂုံ ဥဘတော ဝိဘင်္ဂဓရ - (၁၃၄၇)
၁ဝ။ ဝိနယဓရ - (၁၃၄၉)
၁၁။ ဝိနည်းရှေ့ပိုင်း ရေးဖြေ ဥဘတောဝိဘင်္ဂကောဝိဒ (၁၃၅ဝ)
၁၂။ ဝိနယကောဝိဒ - (၁၃၅၁)
၁၃။ ဝိသိဋ္ဌဒီဃဘာဏက (ဂုဏ်ထူးဖြစ် ထူးကဲစွာရရှိသောဘွဲ့) (၁၃၅၂)
၁၄။ ဒီဃနိကာယကောဝိဒ - (၁၃၅၃)
၁၅။ အဘိဓမ္မာရှေ့ပိုင်း အာဂုံ မူလအာဘိဓမ္မိက - (၁၃၅၄)
၁၆။ အဘိဓမ္မာ ရှေ့ပိုင်းရေးဖြေ မူလအဘိဓမ္မ ကောဝိဒ - (၁၃၅၇)
၁၇။ အဘိဓမ္မာနောက်ပိုင်း အာဂုံ အာဘိဓမ္မိက - (၁၃၅၉)
၁၈။ အဘိဓမ္မာနောက်ပိုင်းရေးဖြေ အဘိဓမ္မ ကောဝိဒ - (၁၃၆၁)
၁၉။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ - (၁၃၆၁)

ဆရာတော်သည် သင်ရိုးပိဋကတ်သုံးပုံလုံးကို အာဂုံရော သဘောရေးဖြေပါ အောင်မြင်တော်မူပြီးဖြစ်သဖြင့် သာသနာ့အာဇာနည် အဋ္ဌမမြောက် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ ဆရာတော်တပါး ဖြစ်ပါသည်။

ရပ်ရွာအကျိုး သယ်ဆောင်ပိုး

ဆရာတော်သည် ကုသိုလ်ရှင်များပါဝင်လျက် ဇာတိမွေးရပ်ဖြစ်သော ခွက်ခွင်းကျေးရွာ၌ အခြေခံပညာ အထက်တန်းကျောင်းကြီးကို သိန်းပေါင်းများစွာ အကုန်အကျခံကာ တည်ဆောက်လှူဒါန်းခဲ့သည်။

သာသနာအတွက် ဆောင်ရွက်ချက်

ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရသည် မင်းကွန်းတောင်ရိုး မိုးမိတ် ကုန်းမြေ တိပိဋကနိကာယ ကျောင်းတိုက် ၌ သီတင်းသုံးတော်မူလျက် မကြာသောကာလတွင် မိုးနူးပန်းအသွင် လန်းရွှင်လာတော့မည့် တိပိဋကဓရ အရှင်မြတ်များ ပေါ်ထွန်းစေရေးတာဝန်၊ တိပိဋကဓရလောင်းလျာ အရှင်မြတ်များ ပစ္စည်းလေးပါး ပြည့်စုံစေရေး တာဝန်၊ ဘာသာရေး အသင်းအဖွဲ့များစွာတို့၏ သြဝါဒါစရိယ တာဝန်၊ ဓမ္မကထိက တာဝန်စသော မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းကြီးများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

No comments: