Tuesday, August 11, 2009

ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ

၆၁ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားတရပ်ကို ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တွင် ရောက်ရှိနေသော ကရင်နီတိုင်းရင်းသားများစုပေါင်းပြီး လော်ရီ ကွန်မြူနတီ ပန်းခြံတွင် သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။


အခမ်းအနား သဘာပတိဖြစ်သူ ဂျော့ က “ကျနော်တို့ ဒီပြည်နယ်ကို ရောက်လာတာမကြာသေးပေမယ့် ကျနော်တို့ ကရင်နီတိုင်းရင်းသားတွေ စုစုစည်းစည်း နဲ့ ရောက်ရာအရပ်ဒေသမှာ ကျနော်တို့ တိုင်းရင်းသားအရေးကို တက်နိုင်သလောက် ဆောင်ရွက်တာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။ နောက်ထပ်လည်း ကရင်နီအမျိုးသားများနဲ့ ပတ်သတ်တဲ့ အခမ်းအနားများ၊ ပွဲတော်များကိုလည်း ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။


အခမ်းအနားကို နံနက် ၉း ၀၀ နာရီတွင် စတင်ခဲ့ပြီး ကရင်နီခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခြင်း၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဋ္ဌာနချုပ်မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ပါတီဥက္ကဋ္ဌရဲ့ မိန့်ခွန်းသဝဏ်လွှာအား ဖတ်ကြားခြင်းများ၊ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ ကရင်နီတော်လှန်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။


ထို့နောက် ကရင်နီရိုးရာအက နှင့် ကရင်နီရိုးရာ အစားအစာများဖြင့် ဧည့်ခံဖျော်ဖြေကျွေးမွေးပြီး နေ့လည် ၁၁း ၄၅ တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။



ထိုအခမ်းအနားသို့ ကော်လိုရာဒိုပြည်နယ်တွင် ရောက်ရှိနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တာဝန်ရှိသူများ၊ ကျောင်းသားတပ်မတော် (ABSDF) မှ ရဲဘော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) မှ ရဲဘော်များ အပါအဝင် လူ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ ဗမာပြည်လွတ်လပ်ရေးကို ဗြိတိလျှအစိုးရထံက ရရှိပြီးတဲ့အချိန်ကာလအထိ ကရင်နီပြည်ဟာ သီးခြားလွတ်လပ်စွာ ရပ်တည်လာခဲ့တာဖြစ်ပြီး ထိုကာလက ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီကပဲ အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။


ဖဆပလ အစိုးရအဖွဲ့ဟာ ကရင်နီပြည်ကို ဗမာပြည်မနဲ့ ပူးပေါင်းဖို့၊ ဗမာပြည်လွတ်လပ်ရေးမရခင်ကတည်းက နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်းခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ဗမာပြည်နဲ့ပူးပေါင်းဖို့ နိုင်ငံရေးအရ ဆက်လက်ပြီး စည်းရုံးခဲ့ပါတယ်။


ဒါပေမယ့် သူတို့ရဲ့ စည်းရုံးသိမ်းသွင်းမှု မအောင်မြင်တဲ့အတွက် ကရင်နီပြည်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကရင်နီကောင်စီ ဥက္ကဋ္ဌ၊ ဂိုဘီတူရီတည်ရှိရာ မြလဲရွာကို စတင် ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဲဒီနေ့မှာပဲ ကရင်နီအမျိုးသားများဟာ ရရာလက်နက်ကို ဆွဲကိုင်ပြီး ကျူးကျော်စစ်ကို ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


Friday, June 26, 2009

ကာတွန်း စောငို


ရဲဘော်ကြီး ကာတွန်းစောငို ရဲ့ မေတ္တာနဲ့ ရေးဆွဲပေးတဲ့ လက်ရာတခုပါ။ သူဟာ အခုအခါမှာ မြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉၀၀ ကျော် ခရီးရှည်ချီတက်ပွဲမှာ ပါဝင်ချီတက်တိုက်ပွဲဝင်နေရင်းက ဒီကာတွန်းလေးကို ရေးဆွဲပေးခဲ့တာပါ။


သူတို့ရဲ့ ခရီးရှည် ချီတက်ပွဲအကြောင်း သိချင်တယ်ဆိုရင်ဖြင့် ဒီ ဘလော့ဂ် လိပ်စာအတိုင်း http://longmarchforburma.blogspot.com/ သွားရောက်လည်ပတ် အားပေးနိုင်ကြပါတယ်။


ကာတွန်းစောငို ဟာ သူရေးဆွဲထားတဲ့ ကာတွန်းလက်ရာများကို မှတ်မှတ်ရရ စာအုပ်လေးတအုပ်အဖြစ် ဖန်တီးချင်နေတဲ့ အာသီသရှိနေပြီး စာအုပ်လေးဖြစ်မြောက်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေပါတယ်။


ဒါပေမယ့် ထုတ်ဝေရေးအတွက် ငွေကြေး အခက်အခဲကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မိတ်ဆွေတို့မှာ အကြံပြုလိုတာများရှိခဲ့မယ်ဆိုရင် oothandar2010@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။


ဒီဓာတ်ပုံလေးတွေကတော့ သူတို့ခရီးရှည်ချီတက်ပွဲရဲ့ တစိတ်တဒေသကို သူကိုယ်တိုင် ရိုက်ကူးပြီး အမှတ်တရ ပို့ပေးခဲ့တာပါ။