Monday, January 6, 2014

အမေရိကန် အလယ်ပိုင်းပြည်နယ်တွေ အအေးလှိုင်းဒဏ်ခံရ

အာတိတ် အအေးလှိုင်းဒဏ်ကြောင့် အမေရိကန် အလယ်ပိုင်းဒေသ ပြည်နယ်အချို့မှာ ရေခဲမှတ်အောက် ၃၀ ဒီဂရီ စင်တီဂရိတ်အထိရောက်နေပြီး အသက်အန္တရာယ်ရှိတဲ့ ရေခဲမှတ်အောက် ၅၀ ဒီဂရီ လောက်ရှိတဲ့ လေအေးတိုက်မယ့် အလားအလာကြောင့် လူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ 

Indiana ပြည်နယ် Indianapolis မြို့တော်ဝန် ဂရက်ဘဲလတ်က အခုတွေ့ရတဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မျိုး ဆယ်စုနှစ်တွေနဲ့ချီပြီး တစ်ခါမှမမြင်ဖူးတဲ့အပြင် အသက်အန္တရာယ်ရှိနိုင်တဲ့ ရာသီဥတုမျိုးဖြစ်လို့ လူတွေအားလုံး အထူးပဲ ဂရုစိုက်ကြရမှာဖြစ်တယ်လို့ မှာကြားသွားပါတယ်။




နောက်တခါ မစ်ဆိုရီပြည်နယ် စိန့်လူးဝစ် မြို့တော်ဝန် Francis Slay ကတော့ လူတွေ အိမ်ပြင် မထွက်ကြဖို့ နှိုးဆော်သွားပါတယ်။ 

ကလေးငယ်တွေ အပြင်ထွက်ကစားမှာစိုးလို့ တနင်္လာနေ့ ဒီကနေ့ကို မီနီဆိုးတားပြည်နယ်မှာ ကျောင်းတွေပိတ်ထားပါတယ်။ 

Wisconsin ပြည်နယ်က Green Bay Packers အမေရိကန် football အသင်းကတော့ အခုကစားနေတဲ့ ပွဲစဉ်အတွက် အားပေးသူတွေကို အအေးဒဏ်ခံနိုင်အောင် ချော့ကလက် ဖျော်ရေနဲ့ လက်အိတ်တွေ ပေးပါတယ်။

နယူးယောက်မြို့က JFK လေဆိပ်မှာ နှင်းခဲကြောင့် လေယာဉ်တစီး လမ်းချော်လို့ ခေတ္တပိတ်ထားလိုက်ရပါတယ်။ ဘော်စတွန်နဲ့ ချီကာဂိုမြို့တွေက လေယာဉ်ခရီးစဉ်တွေလည်း ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။ 

ဓာတ်ပုံတွေကတော့ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့အနီးဝန်းကျင်ကပုံတွေပါ။ 

သတင်း-ဘီဘီစီ၊ ဓာတ်ပုံ-The Denver Post

 

No comments: