Wednesday, December 18, 2013

မြန်မာအမျိုးသားက ဇနီးကို သေနတ်ဖြင့်ပစ်သတ်

မြန်မာအမျိုးသား ခင်ပွန်းက သားသမီး သုံးဦး၏ မိခင်ကို ကလေးများရှေ့တွင်ပင် သေနတ်ဖြင့်ပစ်သတ်လိုက်သောမှုခင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဖြစ်ပွားခဲ့ပါသည်။ 

အင်္ဂါနေ့ ညနေ ၃း၄၅ နာရီက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ သူ့မိခင် သေနတ်ပစ်ခံရကြောင်း အရေးပေါ်နံပါတ် 911 သို့ ဖုန်းဆက်လာသည်ဟု လီဟိုင်းခရိုင် အစိုးရရှေ့နေ ဂျင်မ် မာတင်က ပြောကြားပါသည်။ 

သေနတ်ဒဏ်ရာဖြင့် အိမ်ရှေ့လမ်းပေါ်တွင် လဲနေသော အမျိုးသမီးကို ရဲများက တွေ့ရှိကြပါသည်။ အသက် ၃၇ နှစ်ရှိ မသီတာမြင့် အသက်မရှိတော့ကြောင်း ညနေ ၄း၂၇ နာရီတွင် အတည်ပြုခဲ့ပါသည်။ လီဟိုင်းခရိုင် မှုခင်းဆရာဝန်က လူသတ်မှုဟုဆုံးဖြတ်သော်လည်း သေနတ်ဒဏ်ရာကြောင့် ဟုတ်မဟုတ် အတည်ပြုချက် မပေးသေးပါ။ 


မသီတာ၏ ခင်ပွန်းဖြစ်သူ၊ အသက် ၃၇ နှစ်ရှိ ကိုဝင်းမင်းထွတ်အား ရာဇဝတ်ပြစ်မှုဆိုင်ရာ လူသတ်မှု၊ ဖောက်ထွင်းမှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်မည် ဖြစ်သည်။ 

ကိုဝင်းမင်းထွတ်သည် ကလေး သုံးဦးရှေ့တွင် မိခင်ကို သေနတ်ဖြင့်ပစ်ပြီးနောက်၊ သုံးနှစ်သမီးလေးကိုဆွဲခေါ်ကာ ကားတစ်စင်းကိုတားစီးပြီး အယ်လင်တောင်းရှိ 7-Eleven စတိုးဆိုင်သို့ ပို့ခိုင်းပါသည်။ ၎င်းနှင့်သမီးငယ်ကို ရဲက ထိုဆိုင်တွင်ပင် တွေ့ရှိခဲ့ပြီး ကလေးငယ်မှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရ မရှိခဲ့ပါ။

နိုဝင်ဘာ ၁၈ ရက်တွင် တင်သွင်းသော PFA ခေါ် ဒုက္ခအန္တရာယ်မှ ကာကွယ်ရေးအမိန့်အရ ကိုဝင်းမင်းထွတ်သည် ၎င်းနေအိမ်သို့ လာခွင့်မရှိပါ။ အိမ်တွင်း အကြမ်းဖက်မှုမပြုအောင်ကာကွယ်သော ထိုအမိန့်ထုတ်ဆင့်သည့်အချိန်က ကိုဝင်းမင်းထွတ်ထံမှ သေနတ်တစ်လက် သိမ်းဆည်းထားသော်လည်း ယခုသေနတ်ကို ကိုဝင်းမင်းထွတ် တရားဝင် ပိုင်ဆိုင်မှု ရှိမရှိ မသိရသေးကြောင်း အစိုးရရှေ့နေ မာတင်က ထုတ်ဖော် ပြောကြားပါသည်။ 

သူတို့မိသားစုနှင့်ပတ်သက်၍ အိမ်နီးချင်းများအတွက် အကောင်းပြောစရာများသာ ရှိပါသည်။ 

"ကျနော်လန့်သွားတယ်ဗျာ၊ လန့်သွားတယ်၊ သိပ်ကောင်းတဲ့လူတွေပါ၊ သူတို့ကို ဒီလောက်ကြီးတော့ မသိပါဘူး၊ သူတို့ ဗမာပြည်၊ မြန်မာပြည်ကလာကြတယ်ဆိုတာ သိတယ်" ဟု အိမ်ချင်းကပ်နေသူ ဂယ်ရီ ယော့စ်က ပြောကြားသည်။ 

ကိုဝင်းမင်းထွတ်သည် ဇနီးနှင့်ပြဿနာဖြစ်ကာ လမ်းခွဲပြီးနောက် လွန်ခဲ့သောတစ်လက ဟိုတယ်များတွင် နေထိုင်နေခဲ့ပါသည်။ အခင်းဖြစ်ပွားသောနေ့က လင်မယား စကားများ ရန်ဖြစ်ကြောင်း မာတင်က ပြောကြားသည်။ ထိုအိမ်တွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က အိမ်တွင်းရေးပြဿနာဖြစ်ပွားကြောင်း အိမ်နီးချင်းတစ်ဦးက ပြောဆိုခဲ့သည်။ 

"လွန်ခဲ့တဲ့ တနင်္ဂနွေ တစ်ရက်ရက်ပဲ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာ ကျနော် မှတ်မိတယ်၊ ရဲတွေ ဒီကို ရောက်လာတယ်၊ ဘာဖြစ်တာလဲလို့ ရဲကို ကျနော်မေးတော့ မိသားစုပြဿနာလို့ ဖြေတယ်" ဟု ယော့စ်က ပြောပြသည်။ 

အိမ်တွင်းရေးပြဿနာဖြစ်ပြီးနောက် ကိုဝင်းမင်းထွတ် အနီးအနားလာသည်ကို မတွေ့ရကြောင်း အိမ်နီးချင်း ယော့စ်က ပြောသည်။ ကိုဝင်းမင်းထွတ်သည် ယခင်က ဆုရှီးဆိုင် အလုပ်လုပ်သည်ဟု သူ ထင်ကြောင်းလည်း ပြောကြားသည်။ 

သူတို့မိသားစု ယခုနေထိုင်သောအိမ်ကို လွန်ခဲ့သောနှစ်က ကိုဝင်းမင်းထွတ်၏အမည်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ 

သေသူ မသီတာတွင် အသက် ၁၆၊ ၁၀ နှင့် ၃ နှစ် သားသမီး သုံးဦးရှိပြီး သေနတ်ပစ်မှုကို သုံးဦးစလုံး မျက်မြင် တွေ့လိုက်ရကြောင်း အစိုးရရှေ့နေက ပြောဆိုသည်။ 

ကိုဝင်းမင်းထွတ်သည် အမေရိကန်နိုင်ငံသား ဟုတ်မဟုတ်ကို အမှုစစ်အရာရှိများက စုံစမ်းစစ်ဆေးနေပါသည်။ 

ဓာတ်ပုံ - မြန်မာအမျိုးသား ကိုဝင်းမင်းထွတ်က သားသမီး ၃ ယောက်ရှေ့တွင် ဇနီးဖြစ်သူ မသီတာမြင့်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့သော အခင်းဖြစ်ပွားရာ နေအိမ်ရှေ့လမ်း 

ကမ္ဘာသစ် မီဒီယာ က ပြန်လည်ကူးယူ ဖော်ပြပါတယ်။  

 

No comments: