Wednesday, October 30, 2013

အမေရိကန်အစိုးရ အစားအသောက် ထောက်ပံ့ကြေး လျှော့ချဖြတ်တောက် (မင်းမြတ်မောင်)

အမေရိကန်ပြည်ထောင်စုမှာ food stamp လို့ လူသိများတဲ့ အစိုးရ အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့ကစပြီး လျှော့ချ ဖြတ်တောက်ပါတော့မယ်။ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးအစီအစဉ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၅ ဘီလျံ လျှော့ချဖြတ်တောက်ရာမှာ အမေရိကန်ပြည်သား ၇ ယောက်မှာ တစ်ယောက်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) လို့ တရားဝင်ခေါ်တဲ့ ထောက်ပံ့ကြေးအစီအစဉ်ကို အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းလောက် ရရှိခံစားနေပါတယ်။ 


အမေရိကန်အစိုးရရဲ့ ငတ်မွတ်မှုတိုက်ဖျက်ရေးအတွက် ကုန်ကျစရိတ်အများဆုံးဖြစ်တဲ့ SNAP ဟာ ကလေးသူငယ်များ၊ မသန်စွမ်းသူများနဲ့ သက်ရွယ်ကြီးသူများ အစားအသောက် ဝယ်နိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်ကစပြီး ထောက်ပံ့ကြေးခံစားသူ ဦးရေဟာ နှစ်ဆတိုးလာကာ အစီအစဉ် ကုန်ကျစရိတ်က သုံးဆနီးပါး တိုးလာခဲ့ပါတယ်။ စီးပွားရေးတိုးတက် ကောင်းမွန်လာပြီး အလုပ်လက်မဲ့ဦးရေ လျော့နည်းလာတာတောင် အစီအစဉ် ကုန်ကျစရိတ်ကတော့ စံချိန်တင် မြင့်မားနေတာဟာ ပြဿနာကြီး ဖြစ်ပါတယ်။ 

အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ ကိန်းဂဏန်းများအရ ၂၀၁၂ ခုနှစ်မှာ ပျမ်းမျှ လူတစ်ဦးရဲ့ ထောက်ပံ့ကြေးဟာ တစ်လကို ၁၃၃ ဒေါ်လာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အစီအစဉ်ကုန်ကျစရိတ် ဖြတ်တောက်လိုက်ရင် ပျမ်းမျှ ထောက်ပံ့ကြေး ၇ ရာခိုင်နှုန်း လျော့နည်းသွားပြီး၊ လူတစ်ဦးကို တစ်လမှာ ၁၀ ဒေါ်လာစီ လျော့နည်းသွားဖွယ်ရှိကြောင်း တွက်ချက်ထားပါတယ်။ 

အစိုးရ အစားအသောက် ထောက်ပံ့ကြေး (SNAP) ကို EBT (Electronic Benefit Transfer) လို့လည်း ဆိုင်တွေမှာ သုံးလေ့ရှိပြီး အများကတော့ food stamp လို့ပဲ လွယ်လွယ်ခေါ်ကြပါတယ်။      ။

ဒီကနေ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: