
ကရင်နီရိုးရာ ဒီးကူပွဲ အခမ်းအနားကို ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ ကရင်နီတိုင်းရင်းသားများ စုပေါင်းပြီး အော်ရိုရာမြို့ရှိ လော်ရီ ကွန်မြူနတီ ပန်းခြံမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကရင်နီလူမျိုးများရဲ့ ရှေးသမိုင်းအစဉ်အလာအရ ကရင်နီမြေပေါ်သို့ ဝင်ရောက်ကျူးကျော်ခဲ့တဲ့ ယွန်းလူမျိုးများကို အောင်နိုင်ခြင်းအနေနဲ့ သူရဲကောင်း ဘိုးဘွားများကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။


“တချိန်က ကရင်နီလူမျိုးတွေရဲ့ ‘ဖိုဒီးကရီး’ လို့ခေါ်တဲ့ အရှင်သခင်နတ်ကို ရိုင်းပျစွာ ဆက်ဆံခဲ့တဲ့ ယွန်းလူမျိုးတွေကို ကရင်နီတွေက ‘ဒီးကူ’ လို့ ခေါ်တဲ့ ကိုင်းပင်တမျိုးရဲ့အရွက်နဲ့ ကောက်ညှင်းကိုထုပ်ကာ ချည်နှောင်ချက်ပြုတ်ထား ပြီး မပုပ်မသိုး ကြာရှည်အထားခံနိုင်အောင် ရိက္ခာအဖြစ်အသုံးပြုခဲ့ကြရင်း ယွန်းလူမျိုးတွေကို နေ့ရော ညပါ အဆက်မပြတ် တိုက်ထုတ်အောင်မြင်နိုင်ခဲ့တဲ့ အထိမ်းအမှတ်၊ နောက်ပြီး အဲဒီတိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်” လို့ အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ ဂျော့ က ဆိုသည်။

ယွန်းလူမျိုးတွေ့ရဲ့ ဖိနှိပ်ကျွန်ပြုမှုအောက်က လွတ်မြောက်အောင် အဓိက ဦးဆောင်ခဲ့ကြတဲ့ ကယား၊ ကယန်းနှင့် ကယော တို့ကိုရည်စူးပြီး သူတို့ကို မမေ့ရလေအောင် သုံးထောင့် ပုံသဏ္ဍာန် ကောက်ညှင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ် အောင် ချည်နှောင်ထားရပါတယ်လို့ ဒီးကူထုပ်နဲ့ပတ်သက်ပြီး ၎င်းက ဆက်လက်ရှင်းပြပါတယ်။

ကရင်နီ ရိုးရာအစားအစာတွေဖြစ်တဲ့ ဒီးကူထုပ်၊ ထမင်းထောင်း၊ ခေါင်ရည် နဲ့ အသားကင်
အခမ်းအနားကို နံနက် ၉း၀၀ နာရီမှာ စတင်ခဲ့ပြီး ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ကရင်နီ ရိုးရာ အကများ၊ ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးပြီး နေ့လည် ၁၂း၀၀ နာရီမှာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။
No comments:
Post a Comment